ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီဘောလုံးအသစ်ကို စပါး – မန်ယူပွဲမှာ စတင်အသုံးပြုမည်

ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီဘောလုံးအသစ်ကို စပါး – မန်ယူပွဲမှာ စတင်အသုံးပြုမည်
==================
ဆောင်းရာသီမှာ အသုံးပြုဖို့ စီမံထုတ်လုပ်ထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဘောလုံးအသစ်ကို စပါး – မန်ယူပွဲမှာ စတင်အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၉)နဲ့ လာမယ့်တစ်ပတ် ယှဉ်ပြိုင်မယ့် ပွဲစဉ်(၁၀)မှာတော့ အရင်ဘောလုံးကိုပဲ ဆက်လက်အသုံးပြုသွားမှာဖြစ်ပြီး နိုဝင်ဘာ(၈)ရက်မှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်(၁၁)ရဲ့ ပထမဆုံးပွဲဖြစ်တဲ့ စပါး – မန်ယူပွဲမှာမှ ဆောင်းရာသီဘောလုံးအသစ်ကို စတင်အသုံးပြုသွားဖို့ စီစဉ်ထားတာပါ။
ဒီရာသီမှာ ပရီးမီးယားလိဂ်က အသုံးပြုနေတဲ့ ဘောလုံးတွေကို Puma ကုမ္ပဏီက ထုတ်လုပ်ပေးတာဖြစ်ပြီး ဆောင်းရာသီမှာ အသုံးပြုမယ့် အဝါရောင်ဘောလုံးကို Under the Lights လို့ အမည်ပေးထားကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအထိ Nike က ထုတ်လုပ်တဲ့ဘောလုံးကို အသုံးပြုခဲ့ပြီး ဒီရာသီမှာမှ Puma နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားရင် ဘောလုံး(၁၅)လုံး အသုံးပြုလေ့ရှိကြောင်းလည်း သိရပါတယ်။




