ကမ္ဘာ့ဖလား ဘောလုံးပွဲများကိုလိုအပ်လျှင်နေရာပြောင်းကစားစေမည်

ကမ္ဘာ့ဖလား ဘောလုံးပွဲများကိုလိုအပ်လျှင်နေရာပြောင်းကစားစေမည်

=================

လုံခြုံရေးအရ လိုအပ်ပါက ကမ္ဘာ့ဖလားဘောလုံးပွဲများကို အမေရိကန်မြို့ကြီးများမှ နေရာပြောင်းရွှေ့ကစားရန် ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ထောက်ခံသွားလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်တို့ အုပ်ချုပ်သောမြို့ကြီးများတွင်ဆောင်ရွက်နေသာ သူ၏နှိမ်နင်းရေးစီမံချက်များကြောင့် ကမ္ဘာ့ဖလားဘောလုံးပွဲများကို ရွှေ့ပြောင်းရနိုင်ခြေကို စက်တင်ဘာလတွင်ထရမ့်ပ်က ထုတ်ဖော်ပြောကြားထားသည်။ သို့ရာတွင် ဘောလုံးပွဲများကို မည်သည့်နေရာတွင်ကျင်းပမည်ဆိုသည့် ဆုံးဖြတ်ချက်သည် ဖီဖာ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းအပေါ်တွင်သာ မူတည်သည်ဟု ယင်းအချိန်က ဖီဖာက ပြောကြားခဲ့သည်။

ဘောလုံးပွဲများကို လက်ခံကျင်းပမည့် မြို့များတွင်ပါဝင်သော ဘော့စတွန်မြို့ ပွဲစဉ်များကို ရွှေ့ပြောင်းကျင်းပရနိုင်ပါသလားဟူသော သတင်းထောက်များ၏ မေးခွန်းကို ထရမ့်ပ်ကဖြေကြားရာတွင် တစ်ယောက်ယောက်က ဆိုးသွမ်းသောအရာကိုလုပ်နေပြီး ယင်းနေရာတွင် အခြေအနေလုံခြုံမှုမရှိဟု သူယူဆပါက ပွဲစဉ်များကို အခြားတစ်နေရာသို့ ပြောင်းရွှေ့ကျင်းပရန် ဖီဖာအကြီးအကဲ ဂီယန်နီကို သူတောင်းဆိုမည်ဖြစ်ကြောင်းနှင့် ဂီယန်နီကလည်း ထိုသို့ လုပ်ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံတွင် ပြုလုပ်သည့် ဂါဇာအပစ်အခတ်ရပ်စဲရေး ထိပ်သီးအစည်းအဝေးတွင် သူ၏ ရင်းနှီးသောမိတ်ဆွေဖြစ်သည့် အင်ဖန်တီနိုနှင့် တွေ့ဆုံခဲ့ကြပြီးနောက် ထရမ့်ပ်၏ အဆိုပါပြောဆိုချက်ထွက်လာခြင်းဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်နှစ်ဒါဇင်ကျော် တက်ရောက်နေသည့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖီဖာဥက္ကဌလည်း တက်ရောက်နေခဲ့ခြင်းဖြစ်သည်။

လိုအပ်ပါက ၂၀၂၈ လော့ဆန်းဂျလိစ် အိုလံပစ်အားကစားပွဲကိုလည်း နေရာရွှေ့ပြောင်းကျင်းပရနိုင်သည်ဟု အမေရိကန်သမ္မတက ပြောကြာခဲ့ကြောင်း သိရသည်။  #Popular