ဇက်ကြောတက်ခြင်းအကြောင်း သိကောင်းစရာ

ဇက်ကြောတက်ခြင်းအကြောင်း သိကောင်းစရာ

====================

အကြောတက်ရောဂါအမျိုးမျိုးတွင် ဇက်ကြောတက်ခြင်း၊ နောက်ကြောတက်ခြင်း၊ ခြေသလုံးနှင့် ပေါင်ကြောများတက်ခြင်း၊ ကြွက်တက်ခြင်း စသည်ဖြင့် အမျိုးပေါင်းများစွာရှိသည်။ ဤအကြော တက်ခြင်း အမျိုးမျိုးသည် လူ၏ ခန္ဓာဗေဒအရ တည် ဆောက်ထားသော အရိုးများလှုပ်ရှားမှုကို တွယ်ဆက်ထောက်ကန် ပေးထားသော ကြွက်ကြော အာရုံကြော ဆိုင်းကြော၊ ခုကြော(အရွတ်ကြော)၊ အမြှေး၊ အရွတ်ခုတုံးများတွင်  ရောင်ခြင်း၊ ပါးခြင်း၊ ပွန်းစားခြင်း၊ တင်းခြင်း၊ လျော့ခြင်း၊ အားနည်းခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ရလေသည်။

ဇက်ကြောတက်ရောဂါဆိုတာ

ဇက်ကြောတက်ခြင်းအကြောင်းကို ဦးစွာရှင်းပြလိုပါသည်။ ရုံးထိုင်များသူ၊ စာရေးစာဖတ်များသူ၊ ခေါင်းငုံ့ပြီး အလုပ်လုပ်ရသူ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ကွန်ပျူတာ၊ တီဗွီအကြည့်များသူ၊ အထိုင်များသူ အားလုံးပင် ဇက် ကြောတက်သည်ဟု ညည်းတွားလေ့ရှိသည်။ မျက်စိအာရုံစိုက်ရသူများ၊ ဆူညံသံများကြားတွင် နေထိုင်ရသူ၊ အလုပ်လုပ်ရသူများလည်း ဇက် ကြောတက်တတ်သလို အစာမကြေသူ၊ ဝမ်းချုပ်သူ၊ လိပ်ခေါင်းရောဂါရှိသူများလည်း ဇက်ကြောတက် ဝေဒနာခံစားကြရသည်။

ထူးထူးခြားခြားကလေး ၇ နှစ်အရွယ်၊ ၁၀ နှစ် အရွယ်ကလေးများတွင်လည်း ဇက်ကြောတက်ဝေဒနာခံစားရကြောင်း တွေ့ရသည်။  ထိုကလေးများမှာ ယခုခေတ်ပေါ် ဂိမ်းကစားစက်များ၊ တီဗွီနှင့်တွဲဆက်ပြီး ကစားကြသူများဖြစ်ကြောင်းတွေ့ရသည်။ ပြေးလွှား ဆော့ကစားရမည့်အရွယ်တွင် တီဗွီဂိမ်း၊ ကွန်ပျူတာဂိမ်းများကြောင့် ကလေးများမှာ မျက်စိအာရုံကြော၊ နားအာရုံကြောများ ထိခိုက်ရုံသာမက ဇက်ကြောတက်ဝေဒနာပါ အရွယ်မတိုင်မီ ခံစားကြရခြင်းဖြစ်သည်။ ထိုကလေးများမှာ မှတ်ဉာဏ်များပါ  ကျဆင်းသွားတတ်သည်။ဇက်ကြောတက်ရတဲ့ အကြောင်းရင်းတွေထဲမှာ
– လည်ပင်းထိခိုက်ဒဏ် ဖြစ်ထားခြင်း၊
– ကွန်ပျူတာကြည့်ရင် အနေအထား မမှန်ခြင်း၊ ကိုင်းပြီး ထိုင်ခြင်း၊
– အရွတ်ကြောနာ ဖြစ်နေခြင်း၊
– စိတ်ဖိစီးမှု( ဇက်ကြောတင်းနေစေတယ်)၊
– အာရုံကြောညပ်ခြင်း၊
– အရိုးနုပျက်စီးခြင်း၊
– မတည့်သော အစားအသောက် စားမိခြင်း၊
– ဝမ်းချုပ်ခြင်း၊
– ဇက်ကျီး ပေါင်းတက်ရောဂါရှိခြင်း၊
– သက်တောင့်သက်သာ မရှိတဲ့ အနေအထားနဲ့ အိပ်စက်ခြင်း စတာတွေ ပါဝင်ပါတယ်။

ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့

ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက် သာစေဖို့ နည်းလမ်းတချို့ ကတော့ –

• ကွန်ပျူတာ ကြည့်တဲ့အခါ ခါးဆန့်ပြီး ထိုင်ပါ

ကွန်ပျူတာ မျက်နှာပြင် နဲ့ မျက်လုံးကို တတန်းတည်းကျပါစေ။ ခါးဆန့်ပြီး အနေအထား မှန် ကန်စွာ ထိုင်ပါ။ ကွန်ပျူတာကို ငုံ့ကြည့်နေရတာ၊မော့ကြည့်နေရတာမျိုး၊ ခါးကို ကိုင်းပြီး ထိုင်တာမျိုး၊ ကွန်ပျူတာ မျက်နှာပြင်ကို ကပ်ပြီး စိုက်ကြည့်တာမျိုး မဖြစ်သင့်ပါဘူး။ လပ်တော့ သို့မဟုတ် တက်ဘလက်ကိုကြည့်တဲ့အခါပေါင်ပေါ်တင်သုံးတာထက် ၄၅ ဒီဂရီအနေအထားမှာထားနိုင်ဖို့ခေါင်းအုံးလေးဖြစ်ဖြစ်ခုထားပါ။

• လည်ပင်းနဲ့ ပခုံးကို အကြောဆန့်ပေးပါ

လက်နှစ်ဖက်ကို ဆန့်ချထားပြီး ဘယ်ညာတစ် ဖက်စီ ခေါင်းကို စောင်းပြီး လည်ပင်းကြောတွေ ဆန့်ပေးပါ။ တစ်ခါစောင်းတိုင်း စက္ကန့် ၃၀လောက်ထားပြီး နောက်တစ်ဖက် ပြောင်းပါ။ နောက်တစ် ဆင့်က ဘယ်လက်ကို တန်းအောင် မြှောက်တင်ပြီး လက်ဖျားထိပ် မော့ကြည့်ပါ (စက္ကန့် ၃၀)၊ပြီးရင် ညာလက်ကို မြှောက်ပါ။

• ရေနွေး သို့မဟုတ်ရေခဲကပ်ပါ

ဒဏ်သက်သာအောင် ရေခဲ ကပ်ရမလား၊ ရေ နွေး ကပ်ရမလား ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ ထိခိုက်ဒဏ်ရာတွေ အတွက်ရေခဲက ပိုကောင်းပြီး အရွတ်၊ အကြော၊ ကြွက် သားဒဏ် ဖြစ်တာတွေအတွက် ရေနွေးအိတ် သို့မဟုတ် ကြပ်ထုပ်က ပိုအဆင်ပြေပါတယ်။ အရမ်းတောင့်တင်းနေတာအတွက် သိပ်မပူတဲ့ ခပ်နွေးနွေး ကြပ်ထုပ်လေး ကပ်ပေးရင် အုန်းလွဲတာတောင် တဖြည်းဖြည်း သက်သာနိုင်ပါတယ်။

• နှိပ်နယ်ပါ

လည်ပင်းတဝိုက်ကြွက်သားတွေကို နှိပ်နယ်ပေးခြင်းကတောင့်တင်းမှုကိုလျော့ပါးသက်သာစေပါတယ်။ အသာအယာနှိပ်နယ်တာက အဆင် ပြေပေမယ့်ပြင်းထန်လို့တော့မဖြစ်ပါဘူး။

• ရေဓါတ်ဖြည့်ပါ

ရေသောက်တာနဲ့ဘာဆိုင်လို့လဲလို့ မတွေးပါနဲ့။ရေဓါတ်ပြည့်ဝနေတဲ့အခါ ဇက်ကြောတက်၊တောင့်တင်းနာကျင်တာတွေသက်သာနိုင်တယ်၊ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ကျောရိုးမကြီးရဲ့အဆစ်ပြားလေးတွေက ဟန်ချက်ညီအောင် ထိန်းညှိနိုင်ဖို့နဲ့ ခါးဆစ်ရိုးမှာ ဖိအားမဖြစ်စေဖို့ရေကိုလိုအပ်ပါတယ်။

• အလွယ်လေ့ကျင့်ခန်းလုပ်ပါ

– ခေါင်းကို ရှေ့ငိုက်ချလိုက်၊ နောက်လှန်ချလိုက် လေ့ကျင့်ခန်းကို ဖြည်းဖြည်းလုပ်ပါ။  ဘေးကို လှည့်တာလည်း တလှည့်စီ လုပ်ပါ။
– ကြွက်သားတွေ တောင့်လာပြီလို့ ခံစားရရင် ခေါင်းကို ဘယ်ဘက် စောင်းချပါ(ဖြည်း ဖြည်းချင်း)။ ပြီးရင် ညာဘက်ကို စောင်းပါ။ နည်းနည်းနာရင် နာနိုင်ပေမယ့် ဖြည်းဖြည်းလုပ်ရင် ဘာမှမဖြစ်ပါဘူး။
– ဒီနည်းကို ဇက်ကြောတောင့်တင်းလာတိုင်း လုပ်လို့ ရပါတယ်။နေရတာ ပေါ့ပါးလာပါလိမ့်မယ်။

• အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့

တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံးအကြောအခြင်တွေတောင့်တင်းနေမှာသေချာလို့ပါ။

• မျက်မှန်တပ်သူဖြစ်ရင် ပါဝါအမြဲစစ်ပါ

လက်ရှိတပ်ထားတဲ့ မျက်မှန်က ပါဝါကိုက်မှ ဖြစ်မှပါ။ မျက်မှန်ပါဝါ တက်နေတာ အသစ် မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေ ဖြစ်လာပါလိမ့်မယ်။

မြန်မာ့ဆေးနည်းတိုများဖြင့် ကုသနိုင်

၁။ ကွမ်းရွက်ကို မီးကင်ပြီး ဇက်ကြောတွင်ကပ်ပေးပါ။
၂။ အာလူးကို ပါးပါးလှီးပြီး ဇက်ကြောတက်သည့် နေရာတွင် ကပ်ပေးပါ။
၃။ ဇက်ခိုင်တောင့်တင်းလျှင် ဆားကို ရေနွေးဖြင့် ဖျော်ပြီး မျက်နှာသုတ်ပဝါတွင် စိမ်၍ညှစ်ပြီး ဇက်ပေါ်တွင် တင်ပေးလျှင် ချက်ချင်း သက်သာစေသည်။
၄။ ဇက်လှည့်မရ အုံးလွဲလျှင် မုန်ညင်းဆီကို မီးနွှေးပြီး ဇက်နှင့် လက်ပြင်တွင် စိမ့်ဝင်အောင်လိမ်းပေးပါ။ ဆားကိုအဝတ်ဖြင့်ထုပ် အပူပေးပြီး ကြပ်ထုပ်ထိုးပေးပါ။
၅။ ဇက်ကြောတင်းလျှင်  ဗာဒံရွက်ကို  မီးကင်ပြီး ဇက်တက်သည့်နေရာတွင် ကပ်ထားပေးပါ။
၆။ မိဿလင်အခြောက်မှုန့်ကို အဝတ်ဖြင့်ထုပ်ပြီး ကြပ်ထုပ်ပြုလုပ်၍ ဇက်ကြောတင်းသည့်နေရာတွင် ဆီတစ်မျိုးမျိုးကိုလိမ်းပြီး ကြပ် ထုပ်ထိုးပေးပါက အပူခဲ၍ တက်သော ဇက် ကြောတက်ဝေဒနာသက်သာစေနိုင်သည်။
၇။ ဇက်ခိုင်တောင့်တင်းရောဂါဖြစ်လျှင် ပရုတ် ဆီ၊ လေးညှင်းဆီ၊ မင်သော်ဆီတို့ကို  အပူပေးပြီး ပျားဖယောင်းနှင့်  ရောစပ်ကျို ချက်ကာ ပရုတ်ဆီပြုလုပ်၍  ဇက်တွင်လိမ်းပေးပါက  သက်သာစေနိုင်သည်။
(Crd; Hello Sayarwon)