အာဆင်နယ်အသင်းက အမ်းမရိတ်ကွင်းအား တိုးချဲ့တည်ဆောက်မှု ပြုလုပ်နေစဉ် ဝင်ဘလေကွင်းကို ယာယီအသုံးပြုဖွယ်ရှိ

အာဆင်နယ်အသင်းက အမ်းမရိတ်ကွင်းအား တိုးချဲ့တည်ဆောက်မှု ပြုလုပ်နေစဉ် ဝင်ဘလေကွင်းကို ယာယီအသုံးပြုဖွယ်ရှိ

==================

အာဆင်နယ်အသင်းသည်     အမ်းမရိတ်ကွင်းအား တိုးချဲ့တည်ဆောက်မှုပြုလုပ်နေစဉ် ဝင်ဘလေကွင်းကို ‌ အိမ်ကွင်းအဖြစ် ယာယီအသုံးပြုဖွယ်ရှိကြောင်း သိရသည်။

‌အာဆင်နယ်အသင်းသည်  ပရိသတ် ၆၀၇၀၄ ဦးဝင် ဆံ့သည့် အိမ်ကွင်းအမ်းမရိတ်ကို တိုးချဲ့တည်ဆောက်နိုင်ရန်  ပြီးခဲ့သည့်နှစ်များက  စီစဉ်နေခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ကနဦးစီမံကိန်းများ စတင်ချမှတ် နေပြီဖြစ်သည်။

အမ်းမရိတ်ကွင်းကို ၂၀၀၆ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ပေါင်သန်း ၃၉၀ ကုန်ကျခဲ့ကာ ‌လက်ရှိအချိန် တွင်  အာဆင်နယ်အသင်း တာဝန်ရှိသူများအနေဖြင့်   ပရိသတ် ၇၀၀၀၀  ဝင်ဆံ့နိုင်သည့်ကွင်းအဖြစ် တိုးချဲ့ရန်   ဆန္ဒရှိနေကာ လန်ဒန်မြို့ခံပြိုင်ဘက်အသင်းများ ဖြစ်သည့် စပါးနှင့်ဝက်စ်ဟမ်းအသင်းတို့၏ အိမ်ကွင်းကို ကျော်ဖြတ်၍  လန်ဒန်၌  အကြီးမားဆုံးကွင်းဖြစ်လာစေရန် ရည်မှန်းထားသည်။

အကယ်၍ အာဆင်နယ်အသင်းသည် အမ်းမရိတ် ကွင်းအား တိုးချဲ့တည်ဆောက်ပြီးစီးပါက  ကွင်းဝင်ကြေး အဖြစ် နှစ်စဉ်ပေါင်သန်းဆယ်နှင့်ချီ၍ ဝင်ငွေရရှိမည်ဖြစ်ကာ ပရိသတ်များအတွက်လည်း လက်မှတ်ဝယ်ယူရန် စောင့်ဆိုင်းနေရမှုများကို‌ လျှော့ချနိုင်မည်ဖြစ်သည်။

‌အာဆင်နယ်အသင်း၏ ပူးတွဲဥက္ကဋ္ဌ ကရွန်ကီသည် အမ်းမရိတ်ကွင်း  တိုးချဲ့မည့် စီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့်နွေရာသီက ဆွေးနွေးမှုများပြုလုပ်ခဲ့သကဲ့သို့    ခက်ခဲသည့်စီမံကိန်းဖြစ်လာနိုင်သည်ဟု   ၎င်းက ပြောသည်။

‌သို့သော် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ အာဆင်နယ် အသင်းအနေဖြင့်        တရားဝင်ဆုံးဖြတ်ချက်များ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း  အကယ်၍  အမ်းမရိတ်ကွင်းအား      တိုးချဲ့တည်ဆောက်မည်ဆိုပါက အိမ်ကွင်းအဖြစ်   ဝင်ဘလေကွင်းကို   ယာယီအသုံးပြုရန် စီစဉ်ထားသည်။

လက်ရှိတွင်  ပရိသတ်  ၆၀၇၀၄ ဦး  ဝင်ဆံ့သည့် အာဆင်နယ်အသင်း၏အမ်းမရိတ်ကွင်းသည် အင်္ဂလန် နိုင်ငံ၏ ပဉ္စမအကြီးမားဆုံးကွင်းအဖြစ် တည်ရှိနေပြီး မန်ယူအသင်း၏ ပရိသတ် ၇၅၆၃၅ ဦး  ဝင်ဆံ့သည့် အိုးထရတ်ဖို့ဒ်ကွင်းသည် အကြီးမားဆုံးကွင်းအဖြစ်    တည်ရှိနေကာ  စပါးအသင်း၏ကွင်းက   ပရိသတ်  ၆၂၈၅၀  ဦး၊   ဝက်စ်ဟမ်းအသင်း၏ကွင်းက   ပရိသတ်   ၆၂၅၀၀ ဦး၊  လီဗာပူးအသင်း၏ကွင်းက   ပရိသတ်  ၆၁၂၇၆ ဦး အသီးသီးဝင်ဆံ့ကြောင်း သိရသည်။

Ref; Fotmob