ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးမြို့နယ်မှ ပါတီဝင် မိသားစုများနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးမြို့နယ်မှ ပါတီဝင် မိသားစုများနှင့်တွေ့ဆုံ

========================

အောက်တိုဘာ ၄၊ ပဲခူး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်သော ပါတီဝင်မိသားစု (၅၀၀၀)ကျော်နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

အခမ်းအနားကို တက်ရောက်လာသူအားလုံးမှ နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီဝင်မိသားစုများအား နှုတ်ခွန်းဆက်စကားပြောကြားရာ “ယခုလို အင်အားများပြားသည့် မိသားစုဝင်များကို တွေ့ရသည့်အတွက် များစွာဝမ်းသာရကြောင်း၊ မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲကြီး အောင်မြင်ဖို့အတွက်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ချက်များနှင့် သတ်မှတ်ချက်များအား သိရှိလိုက်နာကြရန်လိုကြောင်း၊ ကြေညာထားသော မဲစာရင်းများအား သွားရောက်ကြည့်ရှုစေလိုကြောင်း” ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းမှ အမှာစကားပြောကြားရာ “ရွေးကောက်ပွဲဟာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးရဲ့ အနာဂတ်ဖြစ်သည့်အတွက် လွန်စွာအရေးကြီးကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မိမိ၏ စိတ်ဆန္ဒထက် သေချာစဥ်းစားချင့်ချိန်ပြီး မပျက်မကွက် မဲပေးသွားကြရန်လိုကြောင်း၊ မိမိပါတီအပေါ် ယုံကြည်သက်ဝင်မှု ပိုမိုခိုင်မာသော ပါတီဝင်များဖြစ်ရန်လိုကြောင်း” ပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသော ပါတီဝင်များမှ မေးမြန်းသည့် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ပါတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ပါသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်မှ ကော်မတီဝင်များ၊ ပဲခူးမြို့နယ်မှ ပါတီဝင် (၅၀၀၀)ကျော်တို့ တက်ရောက်ခဲ့ပါသည်။