ကမ္ဘာ့ပထမဆုံး ဒေါ်လာ ဘီလီယံ ၅၀၀ ပိုင်ဆိုင်သူ ဖြစ်လာတဲ့ အီလွန်မတ်စ်
ကမ္ဘာ့ပထမဆုံး ဒေါ်လာ ဘီလီယံ ၅၀၀ ပိုင်ဆိုင်သူ ဖြစ်လာတဲ့ အီလွန်မတ်စ်
======================
အမေရိကန် စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန် မတ်စ် ဟာ ဒေါ်လာ ဘီလီယံ ၅၀၀ တန်ကြေးအထိ ပိုင်ဆိုင်တဲ့ ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာကြောင်း Forbes မဂ္ဂဇင်းက ရေးသားဖော်ပြပါတယ်။
Forbes ရဲ့ Real-Time Billionaires tracker အရ အရှေ့တိုင်းစံတော်ချိန် ညနေ ၃ နာရီခွဲအချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ဟာ အခုဆိုရင် ဒေါ်လာ ဘီလီယံ ၅၀၀ ပိုင်ဆိုင်နေပါပြီ။
ဒီဇင်ဘာတုန်းကတည်းက ဒေါ်လာ ဘီလီယံ ၄၀၀ နဲ့အထက် တန်ဖိုးရှိတဲ့ ပထမဆုံးလူ ဖြစ်ခဲ့တဲ့ မတ်စ်ဟာ အခုဆိုရင် ဒုတိယနေရာက လယ်ရီ အဲလစ်ဆင် ထက်ကို ဒေါ်လာ ဘီလီယံ ၁၅၀ လောက်တောင် သာနေတာပါ။ သူဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာဖို့အတွက် တစ်ဝက်ခရီးကို ရောက်နေပါပြီ။
Tesla နဲ့ SpaceX တို့ရဲ့ အကြီးအကဲ၊ လူမှုကွန်ရက် X နဲ့ နျူရိုနည်းပညာကုမ္ပဏီ Neuralink တို့ရဲ့ ပိုင်ရှင်ဖြစ်တဲ့ မတ်စ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ အရှေ့တိုင်းစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ်မှာ ဒေါ်လာ ဘီလီယံ ၅၀၀ ကို ရောက်ရှိခဲ့တယ်လို့ အဆိုပါ မဂ္ဂဇင်းက ပြောပါတယ်။
ဂရင်းနစ်စံတော်ချိန် ည ၈ နာရီ ၁၅ မိနစ် မှာတော့ မတ်စ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလီယံ ၅၀၀.၅ အထိကို တိုးလာခဲ့တယ်လို့ Forbes က ထပ်မံဖြည့်စွက်ပါတယ်။
မတ်စ်ဟာ အမေရိကန်အစိုးရရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးအေဂျင်စီ အကြီးအကဲရာထူးကနေ နုတ်ထွက်ပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် ပိုမိုအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူ့ရဲ့ ကြွယ်ဝမှု တိုးတက်လာခဲ့တာလို့ မဂ္ဂဇင်းက သုံးသပ်ပါတယ်။
မတ်စ်ဟာ Forbes ဘီလျံနာစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ သူ့နောက်မှာတော့ Oracle ဥက္ကဋ္ဌ လယ်ရီ အဲလစ်ဆင် (ဒေါ်လာ ဘီလီယံ ၃၅၁.၆)၊ Meta ကော်ပိုရေးရှင်း ကို ပူးတွဲတည်ထောင်သူ မက်ခ် ဇက်ကာဘက် (ဒေါ်လာ ဘီလီယံ ၂၄၆.၁)၊ Amazon တည်ထောင်သူ ဂျက်ဖ် ဘီဇို့စ် (ဒေါ်လာ ဘီလီယံ ၂၃၃.၂) နဲ့ Google ကို ပူးတွဲတည်ထောင်သူ လယ်ရီ ပေ့ချ် (ဒေါ်လာ ဘီလီယံ ၂၀၄.၆) တို့က အသီးသီး လိုက်နေကြပါတယ်။
လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၄၀၀ ကျော်ခဲ့တဲ့ ပထမဆုံးလူအဖြစ် စံချိန်တင်ခဲ့တာလည်း မတ်စ်ပဲ ဖြစ်ပါတယ်။ #Popular