ဖိလစ်ပိုင်၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၉ ဦးအထိ ရှိလာ
(နိုင်ငံတကာ) အောက်တိုဘာ ၂
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူးပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက် ညပိုင်းက ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျု ရှိ ငလျင်လှုပ်ခတ်ရာ သေဆုံးသူဦးရေမှာ ၆၉ ဦးအထိရှိလာပြီဟု ဖိလစ်ပိုင်ပြည်သူ့ကာကွယ်ရေးရုံး(အိုစီဒီ)က အောက်တိုဘာလ ၁ ရက်တွင် ပြောသည်။
ငလျင်၏ဗဟိုချက်နေရာဖြစ်သော ဘိုဂိုမြို့၌ သေဆုံးသူ ၃၀ ရှိပြီး မက်ဒက်အင်းမြို့တွင် ၁၀ ဦး၊ ဆန်ရီ မစ်ဂျီယိုတွင် ၂၂ ဦး၊ တာဘိုဂွန်မြို့တွင် ငါးဦး၊ ဆိုဂေါဒ်နှင့်တာဘူလန်မြို့တို့တွင် တစ်ဦးစီ ငလျင်ကြောင့် သေဆုံးခဲ့ရသည်ဟု အိုစီဒီ၏လက်ထောက်အတွင်းဝန် ဘာနာဒိုရာဖီလစ်တို အလီဂျန်ဒရို က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
နေအိမ်အဆောက်အအုံများ၏ နံရံများပြိုကျမှုကြောင့် လူများသေဆုံးရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အမျိုးသားသဘာဝဘေးလျှော့ချရေးနှင့်စီမံခန့်ခွဲမှုကောင်စီ၏ ကနဦး ဖော်ပြချက်အရ ဒဏ်ရာရရှိသူ ၁၄၇ ဦးထက်မနည်းရှိသည်ဟု သိရသည်။
ပြိုကျသွားသည့်အဆောက်အအုံများနှင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများအား အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် သေဆုံးသူဦးရေမှာ ထပ်တိုးလာဖွယ်ရှိသည်။
ဖိလစ်ပိုင်မီးတောင်နှင့်ငလျင်ပညာရပ်ဆိုင်ရာ တိုင်းတာရေးအင်စတီကျု၏ ကနဦးထုတ်ပြန်ချက်အရ စီဘူးပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက် ည ၉ နာရီ ၅၉ မိနစ်က ပြင်းအား ၆ ဒသမ ၇ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။
နောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျု ဟု ပြင်ဆင်ခဲ့သည်။ ငလျင်၏အနက်မှာ ၅ ကီလိုမီတာရှိပြီး ဘိုဂိုမြို့ အရှေ့မြောက်ဘက် ၁၉ ကီလိုမီတာခန့်အကွာတွင် လှုပ်ခတ်ခဲ့ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။ စက်တင်ဘာလ ၃၀ ရက် ညပိုင်းမှစ၍ နောက်ဆက်တွဲ ငလျင်ပေါင်း ၆၀၀ ကျော် လှုပ်ခတ်ပြီးဖြစ်ကြောင်း အင်စတီကျုက သတင်းထုတ်ပြန်ခဲ့ပါသည်။