ဖိလစ်ပိုင်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၂၇ ဦးသေဆုံး

ဖိလစ်ပိုင်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၂၇ ဦးသေဆုံး

==========================

(နိုင်ငံတကာ) အောက်တိုဘာ ၁

ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရအရာရှိတစ်ဦးက ပြောကြားပြီး နိုင်ငံရဲ့ အဆိုးရွားဆုံး ကပ်ဘေးတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီ မတိုင်မီက စီဘူးမြို့ ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒေသတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး အဆောက်အအုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ငလျင်​ကြောင့် အနည်းဆုံး လူ ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသား သဘာဝဘေး အန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေး ကောင်စီက ​အောက်တိုဘာ ၁ ရက်​နေ့နောက် ဆုံးထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဖိလစ်ပိုင်အလယ်ပိုင်းက အနည်းဆုံး အဆောက်အဦ ၂၂ လုံး ပြိုကျပျက်စီးခဲ့ပြီး   အစိုးရ အဆောက်အအုံ ၃ လုံး ပျက်စီးကာ တံတား ၆ စင်းနဲ့ လမ်းတစ်လမ်းလည်းသွားလာလို့မရတော့ဘူးလို့ ဆိုပါတယ်။

ဖိလစ်ပိုင်ရဲ့ ရေပန်းအစားဆုံး ခရီးသွားနေရာ​တွေထဲက တစ်ခုဖြစ်တဲ့ စီဘူး ပြည်နယ်ဟာ လူဦးရေ ၃.၄ သန်း နေထိုင်ပါတယ်။

နိုင်ငံရဲ့ဒုတိယအလုပ်အများဆုံးဝင်ပေါက်ဖြစ်တဲ့ Mactan-Cebu အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ ပုံမှန်လည်ပတ်နေဆဲဖစ်တယ်လို့ သိရပါတယ်။

San Remigio ရဲ့ ဒုတိယမြို့တော်ဝန်မစ္စ Alfie Reynes ကတော့ ရေဒီယိုအင်တာဗျူးတစ်ခုမှာ သေဆုံးသူ ၂၂ ဦးရှိတယ်လို့ တည်ပြုခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေအတွက် အစားအစာနဲ့ ရေအပြင် ကယ်ဆယ်ရေးမှာ အထောက်အကူဖြစ်စေဖို့ အကြီးစားစက်ကိရိယာ​တွေ တောင်းဆိုထားတယ်လို့ သူကဆိုပါတယ်။

“မိုးသည်းထန်စွာရွာနေပြီး လျှပ်စစ်မီးမရှိတာကြောင့် အကူအညီလိုအပ်နေပါတယ်၊ အထူးသဖြင့် ငလျင်ကြောင့် ထောက်ပံ့ရေးလိုင်းတွေ ပျက်စီးသွားတဲ့နောက် ရေရှားပါးလာတဲ့အတွက် မြောက်ပိုင်းမှာ အကူအညီလိုအပ်နေပါတယ်” လို့ Ms Alfie က ပြောပါတယ်။

New York Times ကတော့ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃၇ ဦး ဒဏ်ရာရခဲ့ပြီး တံတား​တွေအပါအဝင် အဆောက်အဦနဲ့ အခြေခံအဆောက်အအုံ အနည်းငယ် ပြိုကျခဲ့တယ်လို့ ဖော်ပြတယ်။

မြေငလျင်စောင့်ကြည့်ရေးအေဂျင်စီတွေဟာ ငလျင်ရဲ့အနက်ကို ၁၀ ကီလိုမီတာဝန်းကျင်မှာ တိုင်းတာခဲ့ပြီး နောက်ဆက်တွဲငလျင်တွေကိုလည်းမှတ်တမ်းတင်ထားသလို အခုလှုပ်ခတ်တဲ့ ငလျင်ဟာ အပြင်းထန်ဆုံး ပြင်းအား 6 ရှိတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီအန္တရာယ်မရှိဘူးလို့လည်း အခြားစောင့်ကြည့်ရေးအေဂျင်စီက ပြောပါတယ်။

ဖိလစ်ပိုင်မြေငလျင်ဆိုင်ရာ အေဂျင်စီ Phivolcs က ကမ်းလွန်ပင်လယ်ပြင်မှာ ငလျင်လှုပ်ခတ်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို သတိပေးထားပါတယ်။

“ပြင်းထန်တဲ့ရေစီးကြောင်းတွေနဲ့ ပင်လယ်ရေမျက်နှာပြင်ရဲ့ လျင်မြန်တဲ့ပြောင်းလဲမှုတွေကို မျှော်လင့်ထားတယ်” အဲ့ဒီအေဂျင်စီက ဆိုပါတယ်။

“ပုံမှန်မဟုတ်တဲ့ လှိုင်းတွေကြောင့် သက်ဆိုင်ရာ ပြည်သူတွေကို သတိထားဖို့ အကြံပြုထားပါတယ်” လို့ အကြံပေးချက်က ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ မီးတောင်လှုပ်ရှားမှုနဲ့ ငလျင်လှုပ်ခတ်လေ့ရှိတဲ့ ပစိဖိတ်ဒေသမှာ တည်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ကမ်းလွန်ပင်လယ်ပြင်မှာ ပြင်းအား ၆.၇ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး အဲ့ဒီငလျင်ကြောင့် လူရှစ်ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

#PAN