အယ်နာဆာ အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် တိုက်စစ်မှူး စီရော်နယ်ဒိုရပ်တည်
အယ်နာဆာ အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် တိုက်စစ်မှူး စီရော်နယ်ဒိုရပ်တည်
======================
ဆော်ဒီကလပ် အယ်နာဆာအသင်း၏ တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။
အယ်နာဆာအသင်းသည် ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်အီတီဟတ်အသင်းကို အဝေးကွင်း၌ နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် တိုက်စစ်မှူးစီရော်နယ်ဒိုက ပွဲကစားချိန် ၃၅ မိနစ်တွင် ခေါင်းတိုက် ဂိုးသွင်းယူနိုင်ပြီးနောက် အသင်းသမိုင်းတစ် လျှောက် ဒုတိယမြောက်သွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်စစ်မှူး စီရော်နယ်ဒိုသည် အယ်နာဆာ အသင်းအတွက် ပွဲပေါင်း ၈၁ ပွဲပါဝင်ကစားပေးထား ပြီး သွင်းဂိုး ၇၈ ဂိုး သွင်းယူထားနိုင်ခဲ့ခြင်းကြောင့် အသင်းသမိုင်းတစ်လျှောက် ဆော်ဒီပရိုလိဂ် သွင်းဂိုးအများဆုံး ကစားသမား စာရင်းတွင် ဒုတိယနေရာမှ တိုက်စစ်မှူးဟောင်း ဟမ်ဒါလာကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အယ်နာဆာအသင်းသမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံးကစားသမားဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေသူမှာ တိုက်စစ်မှူးဟောင်း အယ်ရှာလာဝီဖြစ်ပြီး ၎င်းသည် အသင်း၌ ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့ကာ သွင်းဂိုး ၁၀၃ ဂိုးဖြင့် ထိပ်ဆုံးမှစံချိန်တင် ရပ်တည်နေသည်။
အသက် ၄၀ အရွယ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံခြောက်ပွဲ ကစားထားပြီး ငါးဂိုးသွင်း ယူထားနိုင်ကာ ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် စုစုပေါင်းသွင်းဂိုး အရေအတွက် ၉၄၆ ဂိုးအထိရှိလာပြီး သမိုင်းဝင်သွင်းဂိုး ၁၀၀၀ ပြည့်မှတ်တမ်းစိုက်ထူနိုင်ရန် နီးစပ်နေပြီဖြစ်သည်။
လက်ရှိဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် အယ်နာဆာအသင်းအနေဖြင့် ပွဲစဉ်လေးပွဲစလုံးအနိုင် ရရှိထားကာ အမှတ်ပေးဇယား အဆင့်(၁)နေရာတွင် ရပ်တည်နေပြီး အဆင့်(၂)နေရာမှ လက်ရှိချန်ပီယံ အယ်အီတီဟတ် အသင်းကို သုံးမှတ်ဖြတ်ထားနိုင်ကြောင်း သိရသည်။
Ref; Fotmob