ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ရပ်/ ကျေးပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ရပ်/ ကျေးပါတီဝင်များနှင့်တွေ့ဆုံ
==============
စက်တင်ဘာ ၂၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးလှဆွေတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ပါတီရုံးခန်းမတွင် ပြုလုပ်သော ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်မိသားစုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ပြောကြားရာတွင် ” ယခုလို ပါတီ၏ အခြေခံအုပ်မြစ်ဖြစ်သော၊ ပြည်သူများနှင့် ထိတွေ့မှုအများဆုံးသော ရပ်ကွက် ကျေးရွာအုပ်စုများမှ ပါတီတာဝန်ရှိသူတွေ၊ ပါတီဝင်မိသားစုများအား အင်ပြည့်အားပြည့်တွေ့ရတဲ့အတွက် ဝမ်းသာရပါကြောင်း၊ မိမိတို့ပါတီအနေနဲ့ မကြာခင်ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း၊ တက်ရောက်လာတဲ့ မိမိပါတီရဲ့ အဓိကအဖြစ်ဆုံးသော ရပ်ကျေးပါတီများကိုလည်း ပါတီအတွက် အားကိုးပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီ၏ လုပ်ငန်းစဥ်များနှင့်အတူ မြန်မာနိုင်ငံတည်ရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီကြီး အဓွန့်ရှည်တည်တံ့အောင် စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဆောင်ရွက်သွားရန်” ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုအကျိုးအား မိမိတတ်စွမ်းသမျှ ကြိုးပမ်းဆောင်ကြရန် မှာကြားပါသည်။ ထို့နောက် ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးလှဆွေတို့မှ တက်ရောက်လာသော ပါတီဝင်မိသားစုများအား ပါတီပုဆိုးနှင့် အင်္ကျီများ ပေးအပ်၍ ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကြပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား နေ့လည် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းကာ ပါတီဝင်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခဲ့ကြောင်း သတင်းရရှိပါသည်။