မြောက်ကိုရီးယားနိုင်ငံ က လျှို့ဝှက်လက်နက်များစွာကို ဖန်တီးထုတ်လုပ်ထားသည်ဟု ကင်ဂျုံအွန် က အရိပ်အမြွက်ပြော

မြောက်ကိုရီးယားနိုင်ငံ က လျှို့ဝှက်လက်နက်များစွာကို ဖန်တီးထုတ်လုပ်ထားသည်ဟု ကင်ဂျုံအွန် က အရိပ်အမြွက်ပြော

===================

မြောက်ကိုရီးယားနိုင်ငံသည် လျှို့ဝှက်လက်နက်များစွာကိုဖန်တီးထုတ်လုပ်ထားသည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က အရိပ်အမြွက်ပြောကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် စစ်ရေး အန္တရာယ်ရန်စွယ်များအားလုံးကို တုံ့ပြန်ဖယ်ရှားနိုင်စွမ်းရှိသည့် သူမတူသောအင်အားစုများကို ဆက်လက် ဖြည့်တင်းသွားရမည်ဖြစ်ကြောင်း ကင်ဂျုံအွန် က မိန့်ခွန်းတွင် ထည့်သွင်းပြောသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာလ ၂၂ ရက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံက လက်ရှိ ရင်ဆိုင်နေရသောခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ရေးအတွက် လျှို့ဝှက်လက်နက်အသစ်များကို ဖန်တီးထုတ်လုပ်ထား ကြောင်းနှင့်ကာကွယ်ရေးဆိုင်ရာ သိပ္ပံသုတေသနများတွင်လည်း များစွာသောအောင်မြင်မှုများရရှိထားကြောင်း ကင်ဂျုံအွန် က ပြောသည်ဟု သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

ထို့အတူ မြောက်ကိုရီးယားနိုင်ငံသည် အမျိုးမျိုးသော ပင်လယ်ပြင်စစ်ဆင်ရေးများကို ထမ်းဆောင်နိုင်စွမ်း ရှိသည့် ဖျက်သင်္ဘောများကိုထုတ်လုပ်ခြင်းအားဖြင့် ပင်လယ်ပြင်အချုပ်အခြာအာဏာကို ထိန်းသိမ်းနိုင်ရေးအတွက် မဟာဗျူဟာမြောက်ဝင်ရိုးတစ်ခုကိုလည်း အောင်မြင်စွာတည်ဆောက်ထားနိုင်ပြီဖြစ်ကြောင်း ကင်ဂျုံအွန် က ဆက် ပြောသည်။

ပြီးခဲ့သည့်လတွင် မြောက်ကိုရီးယားက Hwasong-20 အမျိုးအစား တိုက်ချင်းပစ်အမြင့်ပျံဒုံးကျည် အတွက် လောင်စာခဲသုံးအင်ဂျင်ကို အောင်မြင်စွာစမ်းသပ်မှုလုပ်ဆောင်ပြီးနောက် ကင်ဂျုံအွန် က ယခုကဲ့သို့ ပြောလာခြင်းဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။