ကမ္ဘောဒီးယားပြည်သူများအပေါ် ထိုင်းနိုင်ငံ၏ပြည်တွင်းဥပဒေကို ကျင့်သုံးသည်ဟူသော ပြောဆိုချက်ကို ထိုင်း တပ်မတော်က ငြင်းဆို
ကမ္ဘောဒီးယားပြည်သူများအပေါ် ထိုင်းနိုင်ငံ၏ပြည်တွင်းဥပဒေကို ကျင့်သုံးသည်ဟူသော ပြောဆိုချက်ကို ထိုင်း တပ်မတော်က ငြင်းဆို
========================
ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းဥပဒေကို ပိုင်နက်အငြင်းပွားနယ်စပ်ရှိ ကမ္ဘောဒီးယားပြည်သူများအပေါ် တရားမဝင် ကျင့်သုံးနေသည်ဟူသော ကမ္ဘောဒီးယားအစိုးရ၏ပြောဆိုမှုကို ထိုင်းတော်ဝင်တပ်မတော်က စက်တင်ဘာ လ ၂၁ ရက်တွင် ငြင်းဆိုလိုက်ကြောင်းသိရသည်။
ထိုင်းနိုင်ငံသည် ချောင်ချေးနှင့်ပရေးချန်းကျေးရွာတို့ရှိ ကမ္ဘောဒီးယား ပြည်သူများအပေါ် ထိုင်းနိုင်ငံ၏ဥပဒေ အရ ကျင့်သုံးခွင့်ရှိသည်ဟု ပြောထားကြောင်းနှင့် ယင်းသို့ပြောဆိုမှုကို ကန့်ကွက်ကြောင်း ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ပြီးနောက် ထိုင်းတပ်မတော်က ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံ၏လုပ်ဆောင်ချက် များသည် ကုလသမဂ္ဂ၏ပဋိညာဉ်၊ မြေပြင်နယ်နိမိတ် ပိုင်းခြားသတ်မှတ်ခြင်း နားလည်မှုစာချွန်လွှာတို့ကို ချိုးဖောက်ရာရောက်ကြောင်းနှင့် ပူးတွဲနယ်စပ်ရေးရာကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာကို လျော့နည်းစေကြောင်း ကမ္ဘောဒီးယားအစိုးရက ပြောထားသည်။
သို့သော် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပြောဆိုချက်များကိုငြင်းဆိုကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ငံ၏နယ်နိမိတ်အတွင်းရှိ လူတိုင်းအပေါ် ပြည်တွင်းဥပဒေစိုးမိုးစေရန် လုပ်ပိုင်ခွင့်နှင့်လုပ်ဆောင်ရန် တာဝန်ရှိ ကြောင်း၊ ထိုအချက်ကို တစ်ကမ္ဘာလုံးက လက်ခံထားကြောင်း၊ ကမ္ဘောဒီးယားဘက်က ပြောဆိုသွားသည့် နေရာများသည် ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာအတွင်းရှိကြောင်း၊ နှစ်နိုင်ငံကြားပိုင်နက်အငြင်းပွားနေသည့် နေရာ မဟုတ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကသာ ပြည်သူများကို အသုံးချကာ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ထိုင်းတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူရာဝီ က ပြောသည်ဟု The Straits Times သတင်းဌာနဖော်ပြချက်အရ သိရသည်။