ရီးရဲလ်နောက်ခံလူ အာနိုးလ် ဒဏ်ရာကြောင့် ၆ ပတ်ဝန်းကျင် အနားယူရဖွယ်ရှိ
ရီးရဲလ်နောက်ခံလူ အာနိုးလ် ဒဏ်ရာကြောင့် ၆ ပတ်ဝန်းကျင် အနားယူရဖွယ်ရှိ
===================
ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်ခံလူ အင်္ဂလန်ကစားသမား အာနိုးလ် ဟာ တံကောက်ကြောဒဏ်ရာ ကြောင့် ၆ ပတ်ဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။
အာနိုးလ် ဟာ မာဆေးလ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲအစ ၅ မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။
ရီးရဲလ်အသင်း က အာနိုးလ်အနေနဲ့ ဘယ်ဘက်တံကောက်ကြော ကြွက်သားဒဏ်ရာရရှိခဲ့ကြောင်းနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ရဦးမှာဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ မီဒီယာများက ၆ ပတ်ဝန်းကျင် အနားယူရမယ်လို့ ဖော်ပြလာ ခဲ့ကြပါတယ်။
အာနိုးလ် ဟာ အက်သလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မက်ဒရစ်ဒါဘီပွဲ၊ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် El Clasico ပွဲအပါအဝင် ရီးရဲလ်အသင်းရဲ့ပွဲစဉ် ၈ ပွဲခန့်ကို ဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိနေပါတယ်။
နိုဝင်ဘာလ ၄ ရက်မှာ လီဗာပူးလ်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲစဉ်မှာတောင် ပါဝင်နိုင်ရန် စိတ်မချရကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ အာနိုးလ် အနေနဲ့ အဆိုပါဒဏ်ရာပြဿနာနဲ့ ၄ ကြိမ်မြောက် ကြုံတွေ့ ရခြင်းဖြစ်ကြောင်း သိရပါတယ်။