Apple က အပါးလွှာဆုံး iPhone Air ကို ကြေညာ
Apple က အပါးလွှာဆုံး iPhone Air ကို ကြေညာ
================================
Apple က ထွက်ဖူးသမျှ iPhone တွေထဲမှာ ဒီဇိုင်းပိုင်းအရ အကြီးမားဆုံးပြောင်းလဲမှုတွေနဲ့အတူ iPhone 17 Air ကို မိတ်ဆက်လိုက်ပါတယ်။ အထူ ၅.၆ မီလီမီတာပဲ ရှိတဲ့အတွက် အခုအချိန်ထိထွက်ထားတဲ့ iPhone တွေထဲမှာ အပါးဆုံးပါပဲ။
iPhone 16 Plus ကို အစားထိုးမယ့် ဒီဖုန်းမှာ မျက်နှာပြင်ကတော့ ပိုကြီးလာပြီး ၆.၅ လက်မ LTPO Super Retina OLED မျက်နှာပြင်နဲ့ 120Hz refresh rate တို့ ပါဝင်ပါတယ်။ Ceramic Shield 2 မှန်အသစ်ကို သုံးထားတဲ့အတွက်လည်း အကြမ်းခံလာသလို၊ အလင်းအား 3,000 nits အထိ ရတာကြောင့် နေရောင်ထဲမှာပါ မျက်နှာပြင်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ပါတယ်။
ပါးလွှာပေါ့ပါးဖို့အတွက်တော့ အချို့အရာတွေကို လျှော့ခဲ့ရပါတယ်။ ဖုန်းရဲ့နောက်ကျောမှာ 48MP ကင်မရာတစ်လုံးပဲ ပါဝင်ပြီး၊ ရှေ့ဘက်မှာတော့ Center Stage စနစ်ပါတဲ့ 18MP ကင်မရာကို တပ်ဆင်ထားပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာတော့ Apple က မလျှော့ထားဘဲ Apple A19 Pro chip အသစ်ကို သုံးထားပြီး MacBook Pro အဆင့် စွမ်းဆောင်ရည်မျိုး ရနိုင်တယ်လို့ Apple က ဆိုပါတယ်။ နောက်ပြီး Wi-Fi 7 နဲ့ Bluetooth 6.0 ကိုပါ ထောက်ပံ့ပေးနိုင်တဲ့ Apple N1 chip နဲ့ Apple C1X modem တွေလည်း ပါဝင်ပါတယ်။
ဈေးနှုန်းအနေနဲ့တော့ အခြေခံ 256GB အတွက် $999 ကနေ စပြီး ရောင်းချမှာပါ။ စက်တင်ဘာ ၁၂ ရက် ကြိုတင်မှာယူနိုင်ပြီး၊ စက်တင်ဘာ ၁၉ ရက်မှာ စတင်ပို့ဆောင်ပေးမှာပါ။
Ref : gsmarena
#DigitalTimes