အမေရိကန်စစ်တပ်၏ မည်သည့်ကျူးကျော်မှုကိုမဆို ခုခံတိုက်ခိုက်သွားရန် ပြင်ဆင်ထားကြောင်း ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဆို

အမေရိကန်စစ်တပ်၏ မည်သည့်ကျူးကျော်မှုကိုမဆို ခုခံတိုက်ခိုက်သွားရန် ပြင်ဆင်ထားကြောင်း ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဆို

အမေရိကန်စစ်တပ်အနေဖြင့် ဗင်နီဇွဲလားအပေါ် မည်သည့်ကျူးကျော်မှုမဆို လုပ်ဆောင်ပါက အကြောင်းအရာ သို့မဟုတ် အတိုင်းအတာ မည်ကဲ့သို့ပင်ဖြစ်စေ ဗင်နီဇွဲလားဘက်က ခုခံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopez က ဩဂုတ်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်အနေဖြင့် ကာရေဘီယံပင်လယ်အား သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းတို့ အနေဖြင့် ဗင်နီဇွဲလားပိုင်နက်မြေအပေါ် တက်ရောက်ဝံ့ပါက ကျွန်တော်တို့အနေနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း၊ လက်ရှိတွင် ဗင်နီဇွဲလားနိုင်ငံတပ်ဖွဲ့သည် မိမိနိုင်ငံ ဝေဟင်ပိုင်နက်နှင့် ရေပိုင်နက်များ၌ ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း Vladimir Padrino Lopez က ၎င်းနေ့တွင်ကျင်းပသည့် ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Vladimir Padrino Lopez က အမေရိကန်အစိုးရအနေဖြင့် ကာလကြာရှည်စွာ အတင်းအကျပ် ဒဏ်ခတ်အရေးယူမှုဖြင့် ဗင်နီဇွဲလားနိုင်ငံအပေါ် ဝန်းရံပိတ်ဆို့မှုများ လုပ်ဆောင်ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးကာ ဗင်နီဇွဲလားနိုင်ငံ ပြိုကွဲသွားအောင် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော် ဝန်းရံပိတ်ဆို့မှု ကြောင့် ဗင်နီဇွဲလားနိုင်ငံက မိမိကိုယ်ပိုင်ရပ်တည်၍ ဖွံ့ဖြိုးတိုးတက်လာစေပြီး အဆင်သင့်ပြင်ဆင်လာစေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမေရိကန်၏ ယခုအကြိမ် လက်တင်အမေရိကနှင့် ကာရေဘီယံ ဒေသ၌ အသစ်တစ်ကြိမ် ကျူးကျော်မှုလုပ်ရပ်အား အနီးကပ်ဂရုပြုကြရန် တိုက်တွန်းကြောင်း၊ ယင်းသည် ဗင်နီဇွဲလားနှင့် ဒေသတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်သည်ဟု ယူဆကြောင်း ၎င်းက ပြောကြား ခဲ့သည်။

အမေရိကန်သမ္မတ ထရမ့် သည် လက်တင်အမေရိက မူးယစ်ဆေးဝါးရောင်းချသည့်အဖွဲ့အား တိုက်ဖျက်ရေးဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက်ရှိ ကာရေဘီယံပင်လယ်ပြင်တွင် ကုန်းရေနှစ်သွယ် ရေယာဉ်စုများ ဖြန့်ကြက်နေရာချထားရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ ဩဂုတ်လ ၂၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။

၎င်းအနက် မရိန်းတပ်ဖွဲ့ဝင် ၂,၂၀၀ ခန့် တင်ဆောင် ထားသော ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောနှင့် ကမ်းထိုးသင်္ဘော(LSD) ၃ စင်း ပါဝင်ကြောင်း သတင်း အရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုလပ်စ် မာဒူရို က ဩဂုတ်လ ၂၂ ရက်တွင် အမေရိကန်က အကြမ်းဖက်ဝါဒ၊ စစ်ရေးနည်းလမ်းဖြင့် ဗင်နီဇွဲလားနိုင်ငံ၏ အုပ်ချုပ်မှုအား ကမောက်ကမဖြစ်အောင် လုပ်ဆောင်ကြောင်း ပြစ်တင် ရှုတ်ချခဲ့သည်။