ရွေးကောက်ပွဲမှာ နိုင်ငံရဲ့ ပြဿနာအရပ်ရပ်ကို ကျော်လွှားပြီး နိုင်ငံသစ် တည်ဆောက်နိုင်တဲ့ လူပုဂ္ဂိုလ်တွေ ရွေးချယ်ဖို့ လိုအပ်တယ်လို့ ဦးသောင်းအေးပြော

ရွေးကောက်ပွဲမှာ နိုင်ငံရဲ့ ပြဿနာအရပ်ရပ်ကို ကျော်လွှားပြီး နိုင်ငံသစ် တည်ဆောက်နိုင်တဲ့ လူပုဂ္ဂိုလ်တွေ ရွေးချယ်ဖို့ လိုအပ်တယ်လို့ ဦးသောင်းအေးပြော
=============
ပျော်ဘွယ် ၊ 30.8.2025

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို ကျော်လွှားပြီး နိုင်ငံသစ်တည်ဆောက်
နိုင်တဲ့ လူပုဂ္ဂိုလ်တွေကိုဘက်မလိုက်ဘဲ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်ဖို့ လိုအပ်နေပြီလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပါတီဝင်တွေကို ပြောဆိုလိုက်ပါတယ်။
ဖြစ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဟိုလူမဲဆွယ်ရင်ပါသွားလိုက် ဒီလူမဲဆွယ်ရင်ပါသွားလိုက် ဆိုတဲ့ ဘဲ့ပြားပင်လို ဟိုယိမ်းဒီယိမ်းမဖြစ်သင့်တော့ဘူး၊ ကျွန်တော်တို့ မျက်နှာမူရမှာက နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက်ပဲ။ ပြည်သူတွေနဲ့ ဒီတိုင်းပြည်ကြီးအတွက်ပဲ မျက်နှာမူရမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့ပေးတဲ့ မဲတစ်ချက် ခင်ဗျားတို့ရဲ့ သူငယ်ချင်းမိတ်တွေပေးတဲ့ မဲတစ်ချက်က အဲဒီအဆုံးအဖြတ်ကိုသွားမှာဖြစ်တယ် လို့ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀အထွေထွေရွေးကောက်ပွဲ ၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်ပြီး ကျွန်တော်တို့တစ်တွေ မှန်မှန်ကန်ကန်နဲ့ ရွေးချယ်မပေးနိုင်သရွေ့ တိုင်းပြည်ဟာ ဘယ်လိုနည်းနဲ့မှ ရှေ့ကို ရွေ့မသွားနိုင်ဘူးလို့ ဆိုပါတယ်။
ဒီတစ်ချိန်မှာတော့ ကျွန်တော်တို့တစ်တွေ မိမိရရဆုပ်ကိုင်ပြီးတော့ တိုင်းပြည်ကို တစ်ကယ်ပိုင်ပိုင်နိုင်နိုင်ဖြူဖြူစင်စင် ရိုးရိုးသားသားနဲ့ ဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို ကျော်လွှားနိုင်တဲ့ အနေအထားကို တည်ဆောက်ကြဖို့လိုတယ်။ ဒီလိုတည်ဆောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့တွေ ဘက်မလိုက်ဘဲနဲ့ ရွေးဖို့လိုပြီလို့ ပြောချင်ပါတယ် လို့ ဦးသောင်းအေးက ပြောပါတယ်။
ဒီကနေ့ ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီရုံးမှာ လစဉ်ပုံမှန် တစ်လတစ်ကြိမ် ပါတီဝင်တွေနဲ့ တွေဆုံချိန်မှာ အထက်ပါအတိုင်းပြောဆိုလိုက်တာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားကိုပါတီဝင်အင်အား သုံးရာကျော်တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီ့အပြင် နိုင်ငံရေးအဆုံးအဖြတ်ဟာ ပြည်သူတွေလက်ထဲမှာရှိပြီး မှားသွားလို့ မရဘူးလို့ ဆိုပါတယ်။ မှားခဲ့တာကြောင့် ဒုက္ခသုတ်ခတွေ အများကြီးခံရပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဖြစ်ပျက်ခဲ့တာတွေ ခင်ဗျားတို့ ကျွန်တော်တို့ သိပါတယ်။ တော်တော်ကိုလည်း ကိုယ်တိုင်ကြုံခဲ့ကြပြီဖြစ်ပါတယ်။ တော်တော်ကိုလည်း ကြုံခဲ့ကြပြီးဖြစ်ပါတယ် လို့ ပါတီဝင်တွေကို အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြောပါတယ်။