ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် နှင့် ဗိုလ်တထောင်ခရိုင်မှ ပါတီဝင် အသစ်(၁၀၉၅၀)ဦး၏ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် နှင့် ဗိုလ်တထောင်ခရိုင်မှ ပါတီဝင် အသစ်(၁၀၉၅၀)ဦး၏ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
=====
ဩဂုတ် ၃၁၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးလှသိန်း၊ ဦးအေးလွင်နှင့် တိုင်းဒေသကြီး ကော်မတီဝင်များသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ဒဂုံမြို့သစ်ခရိုင် နှင့် ဗိုလ်တထောင်ခရိုင် မှ ပါတီဝင် အသစ် (၁၀၉၅၀)ဦး၏ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ဖွင့်လှစ်ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ပါတီဖြစ်ပေါ်လာမှုသမိုင်းကြောင်း၊ ပါတီ၏ ထူးခြားသော ဝိသေသအချက်များ၊ ပါတီ၏ ရေတိုရေရှည်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ယခုလို ပါတီသို့ ယုံကြည်မှုအပြည့်ဖြင့် ဝင်ရောက်လာခြင်းအား များစွာကျေးဇူးတင်ဂုဏ်ယူရပါကြောင်း၊ ပါတီသို့ အသစ်ဝင်ရောက်လိုသူများကိုလည်း လက်ဆင့်ကမ်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ ပါတီဝင်များဖြစ်လာသည့်နှင့်အညီ ပါတီအပေါ် ထာဝရသစ္စာစောင့်သိသွားရန်လိုကြောင်းနှင့် မကြာမီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးလုပ်ငန်းများအား စွမ်းနိုင်သမျှ ကူညီဆောင်ရွက်ကြရန် မှာကြားပါသည်။
ထို့နောက် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ဒဂုံမြို့သစ် တောင်ပိုင်း ၊ အရှေ့ပိုင်း ၊ မြောက်ပိုင်း ၊ဒဂုံဆိပ်ကမ်းမြို့နယ်များ နှင့် ဗိုလ်တထောင်ခရိုင် အတွင်းရှိ ဗိုလ်တထောင် ၊ ပုဇွန်တောင် ၊ မင်္ဂလာတောင်ညွန့် ၊ ဒေါပုံ၊ သာကေတ မြို့နယ်များမှ ပါတီဝင်အသစ် (၁၀၉၅၀)ဦး၏ ပါတီဝင်အဆိုပြုလွှာများအား ပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး ၊ဗဟိုအလုပ်အမှုဆောင်
ဦးလှသိန်းနှင့် ဦးအေးလွင်တို့က လက်ခံယူခဲ့ပါသည်။ ၎င်းနောက် ဒဂုံမြို့သစ်ခရိုင်မှ လူငယ်(၂) ဦး နှင့် ဗိုလ်တထောင်ခရိုင် မှ လူငယ် (၂) ဦးတို့က ပါတီသို့ဝင်ရောက်ရခြင်း အကြောင်းအား ပါတီဝင်အသစ်များ၏ကိုယ်စား ရှင်းလင်းတင်ပြကြပြီး အခမ်းအနားကို နံနက် ၁၁:၂၀ အချိန်တွင် ရုတ်သိမ်းကာ ပါတီဥက္ကဋ္ဌနှင့် ပါတီအကြီးအကဲများက တက်ရောက်လာကြသော ပါတီဝင်များ၊ ပါတီဝင်အသစ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးလှသိန်းနှင့် ဦးအေးလွင် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ခရိုင်/မြို့နယ်/ရပ်ကျေး အဆင့်ဆင့်ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များ၊ ပါတီဝင်အသစ်များ တက်ရောက်ခဲ့ကြပါသည်။