ဗီယက်နမ် အမျိုးသားနေ့တွင် အကျဉ်းသား ၁၀,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေ
ဗီယက်နမ် အမျိုးသားနေ့တွင် အကျဉ်းသား ၁၀,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေ
=================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂ ရက်၌ကျရောက်မည့် ဗီယက်နမ်နိုင်ငံ၏ အမျိုးသားနေ့တွင် အကျဉ်းသား ၁၀,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရန်စီစဉ်နေကြောင်း၊ ယင်းမှာ ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့ ကြသည့် အကျဥ်းသားများအတွက် လက်ရှိအချိန်အထိ အကြီးမားဆုံးလွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းလည်း ဖြစ်မည်ဟု မျှော်လင့်ရကြောင်း ဗီယက်နမ်ပြည်တွင်းမီဒီယာ VNExpress ၏ ဩဂုတ်လ ၂၆ ရက် သတင်းဖော်ပြမှု အရ သိရသည်။
သြဂုတ်လ ၂၅ ရက်က ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ငုယင်ဟွာဘင်း ဦးဆောင်ပြုလုပ်ခဲ့သည့် ပြန်လည် သုံးသပ်မှုအစည်းအဝေး၌ ထောင်ဒဏ်ပြစ်ဒဏ် ကျခံနေစဉ်ကာလအတွင်း ပြန်လည်ပြုပြင်ရေးကို ကောင်းစွာ လုပ်ဆောင်ခဲ့ကြသည့် ပြစ်ဒဏ်ကျအကျဥ်းသား တစ်ဦးချင်းစီတိုင်းအား သက်ညှာခွင့်ပေးရမည့် ပါတီနှင့် နိုင်ငံတော်၏ တစ်သမတ်တည်းသောမူဝါဒအရ လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်သည်ဟု ဒုတိယဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုသည့် အကျဉ်းသားတိုင်းအား ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် အမျိုးသား ကာကွယ်ရေးဝန်ကြီး ဌာနနှစ်ခုစလုံး၏ စီမံခန့်ခွဲမှုဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ အဆင့်ဆင့်စိစစ်သုံးသပ်စစ်ဆေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည် ဖြစ်ကြောင်း သတင်းဖော်ပြမှုအရ သိရသည်။