နေပြည်တော်ရှိ ရေလှောင်တမံများ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိ

နေပြည်တော်ရှိ ရေလှောင်တမံများ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိ

====================

မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နေပေမယ့် နေပြည်တော်ရှိ ရေဆင်းရေလှောင်တမံ၊ ပေါင်းလောင်း ရေလှောင်တမံနှင့် ငလိုက်ရေလှောင်တမံတို့၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရပါတယ်။

ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအနီးရှိ ရေဆင်းရေလှောင်တမံက လက်ရှိအချိန်မှာ ကန်ရေပြည့်နီးပါး သိုလှောင်ထားရှိပြီး ရေဝေရေလဲဧရိယာအတွင်း အဆက်မပြတ်မိုးရွာသွန်းနေသဖြင့် ပုံမှန်ထိန်းသိမ်းမှုအဖြစ် ရေထိန်း မျှော်စင်မှရေဆင်းမြောင်းအတွင်းသို့ ရေထုတ်လွှတ်လျော့ချခြင်းသာရှိပြီး ရေပိုလွှဲမှရေကျော်ကျခြင်းမရှိသေးဘူး။

ပေါင်းလောင်းရေလှောင်တမံဟာ သြဂုတ်လ ၂၇ ရက်နံနက်ပိုင်းတိုင်းထွာချက်များအရမိုးရေချိန် ၃ ဒသမ ၅ လက်မခန့် ရွာသွန်းခဲ့ကာ အထက်ပေါင်းလောင်းရေလှောင်တမံနှင့် ရေဝေရေလဲဒေသများမှ စီးဝင်ရေများကြောင့် ပေါင်းလောင်း ရေလှောင်တမံ၏ ရေပိုလွှဲမှ ၅ ပေခွဲခန့်ရေကျော်ကျနေပြီး ယင်းစီးဆင်းရေများက ပေါင်းလောင်းမြစ်နှင့် တစ်ဆက်တည်း ဖြစ်သော စစ်တောင်းမြစ်အတွင်းစီးဆင်းလျက်ရှိ၍ ဒေသအတွင်းရေကြီးရေလျှံမှုမရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါရေလှောင်တမံများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်မှ သြဂုတ်လ ၂၇ ရက်က လှည့်လည်ကြည့်ရှုစစ်ဆေးပြီးဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို မှာကြား ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက်ရေလှောင်တမံကိုကြည့်ရှုစစ်ဆေးစဥ် ယခုနှစ်မိုးရာသီ၌ ဆည်တမံများရေပြည့်သိုလှောင်နိုင်မှုအရ လာမည့် ဆောင်းသီးနှံနှင့် နွေသီးနှံများစိုက်ပျိုးခြင်းအတွက် ရေပေးဝေမှုလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရပါတယ်။