ပါကစ္စတန်နိုင်ငံ၌ မုတ်သုံရာသီအတွင်း သေဆုံးသူ ၇၀၆ ဦးရှိလာ ခိုင်ဘာပတ်တန်ခွာပြည်နယ်က သေဆုံးသူအများဆုံးဖြစ်
ပါကစ္စတန်နိုင်ငံ၌ မုတ်သုံရာသီအတွင်း သေဆုံးသူ ၇၀၆ ဦးရှိလာ ခိုင်ဘာပတ်တန်ခွာပြည်နယ်က သေဆုံးသူအများဆုံးဖြစ်
ပါကစ္စတန်နိုင်ငံ၌ ယခုနှစ် မုတ်သုံရာသီအတွင်း သေဆုံးသူစုစုပေါင်း ၇၀၆ ဦး အထိရှိလာပြီဖြစ်ကြောင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့(NDMA) က ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆက်စပ်သော သဘာဝဘေးများကြောင့် သေဆုံးသူ ၄၆ ဦးရှိကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်ငါးရက်အတွင်း သေဆုံးသူဦးရေမှာ ၃၉၃ ဦးရှိကြောင်း NDMA ၏ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ၌ မုတ်သုံရာသီသည် ဇွန်လ ၂၆ ရက်တွင်စတင်ခြင်းဖြစ်ပြီး ယခု အချိန်အထိသေဆုံးသူများအနက် ခိုင်ဘာ ပတ်တန်ခွာပြည်နယ်က သေဆုံးသူအများ ဆုံးဖြစ်ကြောင်း၊ သေဆုံးသူ စုစုပေါင်း ၄၂၇ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်ကို တွေ့ရသည်။
ယခုကဲ့သို့ လူသေဆုံးမှုများအနက် နေအိမ်များနှင့်အမိုးများ ပြိုကျပျက်စီးခြင်း ကြောင့် သေဆုံးသူအများဆုံးဖြစ်ကြောင်း၊ အခြားသူများမှာ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ ဓာတ်လိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ထုတ်ပြန်ထားသည်။
အလားတူ ယခုနှစ်မုတ်သုံရာသီ၌ လူသေဆုံးမှု များပြားသည့်အပြင် အခြေခံ အဆောက်အအုံများ ပျက်စီးမှုလည်းများ ပြားကြောင်း၊ နေအိမ်အလုံးပေါင်း ၃၀၀၀ နီးပါးပျက်စီးပြီး လမ်းအရှည် ၄၅၁ ကီလို မီတာ၊ တံတားအစင်းရေ ၁၅၂ စင်းတို့မှာ လည်း ပျက်စီးမှုများဖြစ်ပွားကြောင်း၊ အဓိကအားဖြင့် ခိုင်ဘာပတ်တန်ခွာပြည်နယ်နှင့် ပါကစ္စတန် ထိန်းချုပ်ထားသော ကက်ရှမီးယားဒေသတို့တွင် ပျက်စီးဆုံးရှုံးမှုက အများဆုံးဖြစ်ကြောင်း၊ လာမည့်ရက်များတွင် မိုးသည်းထန်စွာရွာသွန်းမှု ဆက်လက် ဖြစ်ပွားမည်ဟု တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။