သုံးနှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အိန္ဒိယသို့သွားမည်
သုံးနှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အိန္ဒိယသို့သွားမည်
====================
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် သုံးနှစ်အတွင်းပထမဆုံးအဖြစ် အိန္ဒိယနိုင်ငံ သို့သွား၍ နှစ်နိုင်ငံကြား နယ်စပ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၆ ရက်တွင် အတည်ပြုထုတ်ပြန်ထားသည်။
ဝမ်ယိ သည် ဩဂုတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဖိတ်ကြား ချက်အရ (၂၄)ကြိမ်မြောက် နယ်စပ်ရေးရာဆွေးနွေးပွဲသို့ အထူးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တက်ရောက်မည် ဖြစ်သည်။
ဝမ်ယိ အနေဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်တွင် အိန္ဒိယနိုင်ငံသို့ အလုပ်သဘောချစ်ကြည်ရေး ခရီးကို နောက်ဆုံးသွားရောက်ထားသည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိကကျသော ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့်အပြင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုသည် တစ်ဦး၏အောင်မြင်မှုကို တစ်ဦးက ဆောင်ကြဉ်း ပေးနိုင်စေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း က ပြီးခဲ့သည့် သီတင်းပတ်တွင်ပြောသည်။
ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ တရုတ်နိုင်ငံ၌ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ထိပ်သီးညီလာခံတက်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က တရုတ်နိုင်ငံသို့မလာရောက်မီ ဝမ်ယိ က အိန္ဒိယနိုင်ငံသို့သွားခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ပြီးခဲ့သည့်နှစ်များအတွင်း နယ်စပ်ရေးရာပဋိပက္ခများနှင့်ပတ်သက်၍ တင်းမာမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါနှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်နွေးထွေးလာပြီး နယ်စပ် ကုန်သွယ်ရေးများကိုပင် ပြန်လည်ဖွင့်လှစ်ရန်နှင့် နှစ်နိုင်ငံကြားတွင် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲရန် ဆွေးနွေးမှုများပင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။