ဂါဇာတွင် အာဟာရချို့တဲ့မှုကြောင့် သေဆုံးသူဦးရေ ၂၂၇ ဦးအထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ဂါဇာတွင် အာဟာရချို့တဲ့မှုကြောင့် သေဆုံးသူဦးရေ ၂၂၇ ဦးအထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
======================
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အာဟာရချို့တဲ့မှုနှင့် ငတ်မွတ်ခေါင်းပါးမှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပြီး အာဟာရချို့တဲ့မှုနှင့် ဆက်နွယ်သော သေဆုံးသူဦးရေ စုစုပေါင်းမှာ ၂၂၇ ဦးအထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သြဂုတ်လ ၁၂ ရက်၌ ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ အာဟာရချို့တဲ့မှုနှင့်ဆက်နွယ်သော သေဆုံးမှုများအနက် ကလေးငယ် ၁၀၃ ဦး ပါဝင်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန်း ဒူရာဂျစ် က နေ့စဥ်အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း အဆိုပါ လ၌ပင် ပဋိပက္ခစတင် ချိန်မှစ၍ ဂါဇာတွင် ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ လာကြောင်း သတိပေးခဲ့သည်။
အဆိုပါအခြေအနေများနှင့် ဆန့်ကျင်စွာပင် ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှာ လူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်လိုအပ်သည့် အနိမ့်ဆုံးပမာဏအောက် အဆပေါင်းများစွာ လျော့နည်းနေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
“လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုတွေဟာ လိုအပ်တဲ့အတိုင်းအတာနဲ့ အကူအညီတွေ ပေးပို့လို့မရအောင် ကုလသမဂ္ဂကိုတားဆီးတဲ့ သိသာထင်ရှားတဲ့ နှောင့်နှေးမှုတွေနဲ့ အခြားအတားအဆီးတွေကို ရင်ဆိုင်ရဆဲဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကုလသမဂ္ဂက အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီများ စုဆောင်းခြင်းအပါအဝင် မစ်ရှင် ၁၆ ခုကို အစ္စရေးအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဩဂုတ် ၁၁ ရက်၌ တောင်းဆိုခဲ့သော်လည်း လေးခုသာ အဆင်ပြေချောမွေ့ခဲ့ပြီး သုံးခုက ငြင်းပယ်ခံခဲ့ရကြောင်း၊ နောက်ထပ်လေးခုမှာ ကြန့်ကြာခဲ့သော်လည်း နောက်ဆုံးတွင် အပြည့်အဝ ပြီးမြောက်အောင်မြင်ခဲ့ကြောင်း ဒူရာဂျစ် က ပြောကြားခဲ့သည်။
ကျန်လုပ်ငန်းငါးခုအနက် နှစ်ခုကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပယ်ဖျက်ခဲ့ပြီး ကျန်နှစ်ခုမှာ ကြန့်ကြာ နေပြီး မပြီးပြတ်နိုင်သေးဘဲရှိနေကာ အခြားတစ်ခုကမူ ကြန့်ကြာနေ သော်လည်း ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေ ဟာ အစ္စရေးအာဏာပိုင်တွေရဲ့ မှန်းဆလို့မရတဲ့ ငြင်းပယ်မှုတွေကြောင့် နာရီနဲ့ချီကြာပြီး အဖိုးတန်အချိန်တွေ ဆုံးရှုံး ရပါကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြော
ကြားခဲ့သည်။