ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ၂၀၂၅-၂၀၂၆ ပညာသင္စရိတ္ေထာက္ပံ့ေပးအပ္ျခင္းအခမ္းအနားသို႔ တက္ေရာက္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ၂၀၂၅-၂၀၂၆ ပညာသင္စရိတ္ေထာက္ပံ့ေပးအပ္ျခင္းအခမ္းအနားသို႔ တက္ေရာက္
===============================
ဇူလိုင္ ၁၆၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ားသည္ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္ေန႕ နံနက္ ၁၀၀၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ သင္တန္းေက်ာင္းရွိ ျပည္ေထာင္စုခန္းမ၌ က်င္းပျပဳလုပ္ေသာ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္အတြက္ ပညာသင္စရိတ္မ်ားေထာက္ပံ့ျခင္း၊ ေက်ာင္းသုံးဗလာစာအုပ္မ်ားေပးအပ္ျခင္းႏွင့္ ကြန္ပ်ဴတာသင္တန္းဆင္း ေအာင္လက္မွတ္မ်ား ခ်ီးျမႇင့္ျခင္းအခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကပါသည္။

အခမ္းအနားကို နိုင္ငံေတာ္အလံအေလးျပဳ၍ နိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ခဲ့ၿပီး ပါတီဥကၠ႒မွ အဖြင့္အမွာစကားေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္တြင္ တက္ေရာက္သင္ၾကားေနေသာ ပါတီဌာနခ်ဳပ္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ အၾကမ္းဖက္တိမ္းေရွာင္မိသားစုမ်ား၏ သားသမီး ေက်ာင္းသား/ေက်ာင္းသူမ်ားအား ပညာသင္စရိတ္မ်ားအားခ်ီးျမႇင့္ေထာက္ပံ့ရာ မူလတန္းအဆင့္ (၁၂၄)ဦးအတြက္ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းကလည္းေကာင္း၊ အလယ္တန္းအဆင့္ (၄၄)ဦးအတြက္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးကလည္းေကာင္း၊ အထက္တန္းအဆင့္ (၇၀)ဦးအတြက္ ဒုတိယဥကၠ႒ ဦးလွထြန္းကလည္းေကာင္း၊ အဆင့္ျမင့္တန္း (၃၃)ဦးအတြက္ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္းကလည္းေကာင္း အသီးသီးေပးအပ္ခ်ီးျမႇင့္ၾကပါသည္။

၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက မူလတန္း၊ အလယ္တန္း၊ အထက္တန္းႏွင့္ အဆင့္ျမင့္ပညာတန္းမ်ားအတြက္ ေက်ာင္းသုံးဗလာစာအုပ္မ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး ပါတီဌာနခ်ဳပ္တြင္ ဖြင့္လွစ္သည့္ အေျခခံကြန္ပ်ဴတာသင္တန္းတြင္ ေအာင္ျမင္ခဲ့ေသာ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားအား သင္တန္းဆင္းလက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္ပါသည္။ ထို႔ေနာက္ ေက်ာင္းသူ/ေက်ာင္းသူမ်ား၏ကိုယ္စား ေက်ာင္းသူတစ္ဦးမွ ေက်းဇူးတင္စကားေျပာၾကားကာ အခမ္းအနားအား ေန႕လည္ ၁၁၂၀ အခ်ိန္တြင္ ေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ပါသည္။

အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ားႏွင့္ မိဘမ်ားတက္ေရာက္ခဲ့ၾကပါသည္။

_____________________

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ၂၀၂၅-၂၀၂၆ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

===============================

ဇူလိုင် ၁၆၊ နေပြည်တော်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ပါတီဌာနချုပ် သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်များထောက်ပံ့ခြင်း၊ ကျောင်းသုံးဗလာစာအုပ်များပေးအပ်ခြင်းနှင့် ကွန်ပျူတာသင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

 

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားနေသော ပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များနှင့် အကြမ်းဖက်တိမ်းရှောင်မိသားစုများ၏ သားသမီး ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ်များအားချီးမြှင့်ထောက်ပံ့ရာ မူလတန်းအဆင့် (၁၂၄)ဦးအတွက် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းကလည်းကောင်း၊ အလယ်တန်းအဆင့် (၄၄)ဦးအတွက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးကလည်းကောင်း၊ အထက်တန်းအဆင့် (၇၀)ဦးအတွက် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကလည်းကောင်း၊ အဆင့်မြင့်တန်း (၃၃)ဦးအတွက် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပါသည်။

 

၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့်ပညာတန်းများအတွက် ကျောင်းသုံးဗလာစာအုပ်များပေးအပ်ချီးမြှင့်ခဲ့ပြီး ပါတီဌာနချုပ်တွင် ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းတွင် အောင်မြင်ခဲ့သော ဦးစီးရုံးအဖွဲ့ဝင်များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပါသည်။ ထို့နောက် ကျောင်းသူ/ကျောင်းသူများ၏ကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအား နေ့လည် ၁၁၂၀ အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြပါသည်။