AI စက်ရုပ် သူနာပြုတွေ ထိုင်ဝမ် ဆေးရုံတွေမှာ အလုပ်လုပ်နေပြီ
ထိုင်ဝမ်နိုင်ငံရဲ့ ဆေးရုံတွေမှာ Foxconn နှင့် Nvidia တို့မှ ပူးပေါင်းတီထွင်ထားသော “Nurabot” အမည်ရှိ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်သူနာပြုတွေက လုပ်ငန်းတာဝန်တွေ စတင်ထမ်းဆောင်နေပါပြီ။အဲဒီ စက်ရုပ်သူနာပြုတွေဟာ ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ဆေးရုံ၏ လူနာဆောင်တွေအတွင်း လှည့်လည်စစ်ဆေးခြင်း နှင့် ဧည့်သည်တွေအား လမ်းညွှန်ခြင်းစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပြီး၊ လူသားသူနာပြုတွေရဲ့ လုပ်ငန်းတာဝန်တွေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
Nurabot စက်ရုပ်သူနာပြုတွေနှင့် အခြားသော စမတ်ဆေးရုံသုံး ကိရိယာတွေကို Nvidia ရဲ့ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကာ တည်ဆောက်ထားပြီး၊ စွမ်းဆောင်ရည်မြင့် စူပါကွန်ပျူတာတွေနှင့် AI Model တွေကို အသုံးပြုကာ ဆေးရုံလုပ်ငန်းလည်ပတ်မှုစနစ်၏ သဘောသဘာဝကို နားလည်စေရန်နှင့် လူနာစောင့်ရှောက်ရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ ရရှိစေရန် အထူးလေ့ကျင့်သင်ကြားပေးထားပါတယ်။ အဲဒီလိုလေ့ကျင့်မှုတွေကြောင့် စက်ရုပ်တွေဟာ ဆေးရုံပတ်ဝန်းကျင်မှာ အဆင်ပြေချောမွေ့စွာနှင့် ထိရောက်စွာ အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။
လက်ရှိမှာ ထိုင်ဝမ်နိုင်ငံရဲ့ ထိပ်တန်းဆေးရုံတစ်ခုဖြစ်သော Taichung Veterans အထွေထွေဆေးရုံကြီး အပါအဝင် အခြားသောဆေးရုံတွေမှာလည်း အဆိုပါ Nurabot စက်ရုပ်သူနာပြုတွေကို တာဝန်ချထား အသုံးပြုလျက်ရှိပါတယ်။
စက်ရုပ်သူနာပြုတွေ အသုံးပြုမှုမှတစ်ဆင့် လူသားသူနာပြုတွေရဲ့ လုပ်ငန်းဝန်ပိမှုကို သိသာစွာ လျှော့ချပေးနိုင်ပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပိုမိုအာရုံစိုက် ဆောင်ရွက်လာနိုင်ရန် အကျိုးပြုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
အနာဂတ်မှာ အဆိုပါ Nurabot စက်ရုပ်သူနာပြုတွေမှာ ဘာသာစကားမျိုးစုံ ပြောဆိုနိုင်တဲ့ စွမ်းရည်နှင့် မျက်နှာပုံရိပ်ဖြင့် ခွဲခြားမှတ်သားနိုင်သော Facial Recognition နည်းပညာတွေလို အဆင့်မြင့် လုပ်ဆောင်ချက်တွေကို ထပ်မံတိုးချဲ့ထည့်သွင်းသွားဖို့လည်း စီစဉ်ထားပါတယ်။
Ref : Fossbytes