ကျောက်ဆည်မှာ အိမ်မီးလောင်လို့ သက်ကြီးပိုင်း မိသားစုလေးယောက်လုံးသေဆုံး

မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ ၊ ဘောဂဝတီရပ် (ဆီဆုံ)ရပ်မှာ ဒီနေ့ မေ ၂၂ ရက်နေ့ မနက်အစောပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားပြီး မိသားစုလေးယောက်လုံး မီးလောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုက မနက်အစော ၁ နာရီမိနစ်၅၀ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံးသူတွေက အသက် ၉၃ နှစ်အရွယ် ဒေါ်တင်အောင်၊
အသက် ၇၅ နှစ်အရွယ် ဒေါ်ထွေးထွေး( မြို့နယ်ပညာရေးမှူးအငြိမ်းစား)၊ အသက် ၆၆ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦး (မြို့နယ်ပညာရေးမှူး(အငြိမ်းစား)၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သူဇာ (အမက-ကျောင်းအုပ်- သပြေကုန်း ကျေးရွာ၊ ကျောက်ဆည်မြို့နယ်)တို့ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“လေးယောက်လုံးဆုံးတယ်။ဘယ်လိုကြောင့်ဆုံးလဲဆိုတာမသိပေမယ့် မထွက်နိုင်လို့ပိတ်မိပြီးဆုံးတယ်ပဲမှတ်ချက်ချရတာပေါ့။မီးက ၁ နာရီ ၅၀ လောက်မှာမီးစလောင်တယ်။၂ နာရီ ၂၅ လောက်မှာငြိမ်းတယ်။မီးလောင်ချိန်မကြာပေမယ့် အဘွားကြီးတွေဆိုတော့ မထွက်နိုင်ခဲ့ဘူးထင်ပါတယ်။ သေတာတော့မိသားစုလိုက်ပါ။ သေဆုံးတဲ့အထဲမှာ သုံးယောက်က ပညာရေးဝန်ထမ်းတွေပါ။ တိုက်ရဲ့ အပေါ်ထပ်မှာ နှစ်ယောက်သေဆုံးနေတာတွေ့ရတယ်။ အောက်ထပ်မှာကနှစ်ယောက်ပါ။” လို့ ကျောက်ဆည် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုသားငယ်ကပြောပြပါတယ်။

အဆိုပါနေအိမ် မီးလောင်မှုက နေအိမ်အတွင်းအသုံးပြုတဲ့ ဆိုလာဘက်ထရီကနေမှတဆင့် ရှော့ဖြစ်ပြီး မီးလောင်တာဖြစ်တယ်လို့ကနဦး သိရပါတယ်။

မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်း လေးလောင်းကိုတော့ ကျောက်ဆည်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဓာတ်ပုံ – ကျောက်ဆည်လူမှုကူညီရေးအသင်း
#Voiceofmyanmar #VOM #ကျောက်ဆည် #အိမ်မီးလောင် #လေးယောက်သေ