စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်တဲ့ အသက် ၁၅ နှစ်အရွယ် ဖိလစ်ပိုင် ကျောင်းသား
သင်လမ်းလျှောက်တိုင်း သင့်စမတ်ဖုန်းကို အားသွင်းနိုင်မယ်ဆိုရင် တော်တော်မိုက်မှာပါ။ အခုတော့ ဒါဟာ တကယ် ဖြစ်လာပါပြီ။
ဖိလစ်ပိုင်မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသား Angelo Casimiro က လမ်းလျှောက်တာနဲ့ စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်ပါတယ်။ သဘောတရားက ရိုးရှင်းပါတယ်။ ရွေ့လျား စွမ်းအင် ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတာ ဖြစ်ပါတယ်။
ရှူးဖိနပ်ရဲ့ စမတ်ခြေနင်းပြားမှာ Piezoelectric ဒြပ်ထုကို ထည့်သွင်းထားပြီး ပြေးတာ၊ လမ်းလျှောက်တာလို ရွေ့လျားစွမ်းအင် ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးပါတယ်။ အဲဒီကနေ ရတဲ့ လျှပ်စစ်စွမ်းအင်ကို စမတ်ဖုန်းလို သေးငယ်တဲ့ အီလက်ထရောနစ် ကိရိယာတွေအတွက် USB ကနေ အားသွင်းပေးနိုင်ပါတယ်။
ဒီခေတ်မှာ Wearables တွေ များပြားလာပြီး လူတွေဟာ စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်လက်ပတ် စတာတွေကို ဝတ်ဆင်လာကြပါတယ်။ အဲဒီအတွက် လျှပ်စစ်စွမ်းအင် ပိုမို လိုအပ်လာပါတယ်။ အခု ရှူးဖိနပ်က အဲဒီကိရိယာတွေအတွက် သန့်ရှင်းတဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တဲ့အတွက် အသုံးဝင်ပါတယ်။
Ref : Tech Explorers