ဒူဘော့စ်နှင့်အူဆက်ခ် ဇူလိုင် ၁၉ ရက် ထိုးသတ်မည်
ဟဲဗီးဝိတ်တန်း ချန်ပီယံဆုများ ပေါင်းစည်းပွဲအဖြစ် ဗြိတိန်နိုင်ငံသား ဒူဘော့စ်နဲ့ ယူကရိန်းနိုင်ငံသား အူဆက်ခ်တို့ ဇူလိုင်လ ၁၉ ရက် ဝင်ဘလေကွင်းမှာ ထိုးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒူဘော့စ်က IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး အူဆက်ခ်ကတော့ WBA,WBO နဲ့ WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။
၂၀၂၃ ဩဂုတ်လက ထိုးသတ်ခဲ့တဲ့ပွဲမှာ ဒူဘော့စ်ကို အနိုင်ယူထားခဲ့ဖူးတဲ့ အူဆက်ခ်ဟာ ကစားသမားဘဝ ၂၃ ပွဲ ထိုးသတ် ခဲ့ရာမှာ ရှုံးပွဲ လုံးဝ မရှိခဲ့သူဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် အူဆက်ခ်ဟာ ၂၀၂၄ မေလတုန်းက ဗြိတိန်နိုင်ငံ သား ဖြူရီကို အနိုင်ယူပြီး ဟဲဗီးဝိတ်တန်း ချန်ပီယံဆုများအားလုံးကို ပိုင်ဆိုင်သူဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ IBF ဟဲဗီးဝိတ်တန်းချန်ပီယံဆုကို လက်လွှတ်ခဲ့ရလို့ အခုတစ်ကြိမ်မှာ ပြန်လည်ရယူနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ဒူဘော့စ်ကတော့ IBF ဟဲဗီးဝိတ်တန်းချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ပထမတစ်ကြိမ် ကာကွယ်မှုအဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာမှာ တစ်နိုင်ငံတည်းသား ဂျော့ရှုအာကို အနိုင်ယူခဲ့တာပါ။ အခုတစ်ကြိမ်တွေ့ဆုံမှုမှာ အရှုံးကို လက်စား ချေနိုင်ဖို့ အခွင့်အရေးကို အသုံးချသွားမှာ ဖြစ်ပါတယ်လို့ ဒူဘော့စ်က ပြောထားပါတယ်။ ဒူဘော့စ် အနေနဲ့ ၁၉၉၉ ခုနှစ်က လင်းနော့လူးဝစ်နောက်ပိုင်း ဟဲဗီးဝိတ်တန်း ချန်ပီယံဆုအားလုံးရရှိတဲ့ ပထမဆုံး ဗြိတိန်နိုင်ငံသား ဖြစ်လာ ဖို့ မျှော်လင့်ချက်လည်း ရှိနေတာဖြစ်ပါတယ်။