PV မှ PJ နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားမှု ဆောင်ရွက်ပေးမည်
===============
အလည်အပတ် PV နိုင်ငံကူးလက်မှတ်မှ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲ လျှောက်ထားလာသူများကို ယနေ့ အောက်တိုဘာ (၂၈) ရက်တွင် စတင်၍လက်ခံဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်သည်။
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူများသည် အလုပ်အကိုင် နိုင်ငံကူးလက်မှတ်(PJ)အစား အလည်အပတ် (PV)ကို ကိုင်ဆောင်ထားခြင်းကြောင့် ထွက်ခွာသည့်အခါ လေဆိပ်တွင် အဆင်မပြေဖြစ်နေရကြောင်း ဆိုသည်။
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသည့်အလုပ်အကိုင်ဆိုင်ရာ အထောက်အထားနှင့် သက်တမ်းရှိ PV နိုင်ငံကူးလက်မှတ်မှ PJ နိုင်ငံကူးလက်မှတ်လျှောက်ထားလာသူများကို လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ထုတ်ပြန်လာခြင်း ဖြစ်သည်။
လက်ရှိတွင် အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် အလုပ်သမား သက်သေခံကတ်ရှိမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။