၂၀၂၂ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် အူရာဝရတ်အသင်း ဗိုလ်စွဲပြီး AFC အကြီးတန်းဒုဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုချီးမြှင့်
၂၀၂၂ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ တွင် ဂျပန်ကလပ် အူရာဝရတ်အသင်းက ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို အနိုင်ရဗိုလ်စွဲပြီး AFC အကြီးတန်းဒုဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ရာသီ အာရှချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက်က ယှဉ်ပြိုင်ကစားသည့် ပထမအကျော့ပွဲတွင် အယ်လ်ဟီလာနှင့် အူရာဝရတ်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ဒုတိယအကျော့ပွဲစဉ်ကို မေ ၆ ရက်က ဂျပန်မြေ၌ ပြန်လည်ယှဉ်ပြိုင်ကစားရာ အိမ်ရှင် အူရာဝရတ်အသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် (၂-၁) ဂိုးဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ အကြီးတန်းဒုဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ၂၀၂၂ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည့် အူရာဝရတ်အသင်းနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသူ အူရာဝရတ်အသင်း၏ ဂျပန်လက်ရွေးစင် နောက်ခံလူ ဟီရိုကီဆာကာအီတို့ကို ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အူရာဝရတ်အသင်းသည် အာရှချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယအကြိမ်နှင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန်ဗိုလ်စွဲခြင်းဖြစ်ပြီး ပြိုင်ပွဲ၏ အအောင်မြင်ဆုံးစာရင်းတွင် ပူးတွဲဒုတိယအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အူရာဝရတ်အသင်းမှာ ၂၀၂၃ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။