ဝေးလ်စ်တိုက်စစ်မှူးဟောင်း ဘယ်လာမီ ဒေဝါလီခံရ

လိဂ်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်း လက်ထောက်မန်နေဂျာနှင့် ဝေးလ်စ်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဘယ်လာမီသည် ဒေဝါလီခံခဲ့ရပြီဖြစ်ကြောင်း အတိအလင်းကြေညာခဲ့သည်။

ဝေးလ်စ်နာမည်ကြီးတိုက်စစ်မှူးဟောင်း ဘယ်လာမီသည် အခွန်အဖြစ် ပေးဆောင်ရမည့်ငွေ ပေါင်(၁)သန်း ဝန်းကျင်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက်(၄၃)နှစ်ရှိပြီဖြစ်သည့် ၎င်းက သူ၏ဘဏ္ဍာရေးအခြေအနေသည် စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရာတွင် ကျရှုံးမှုများကြောင့်ဖြစ်သည်ဟုလည်း ဝန်ခံခဲ့သည်။

ဘယ်လာမီသည် ကစားသမားဘဝတွင် နောဝစ်ချ်၊ ကိုဗင်ထရီ၊ နယူးကာဆယ်၊ ဆဲလ်တစ်၊ ဘလက်ဘန်း၊ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ မန်စီးတီး၊ ကာဒစ်ဖ်စသည့် ကလပ်အသင်းများတွင် ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကစားသမားဘဝမှအနားယူကြောင်း ကြေညာခဲ့သည်။

ကစားသမားဘဝမှ အနားယူပြီး (၂)နှစ်အကြာတွင် နည်းပြလောကထဲ ဝင်ရောက်ခဲ့ပြီး လက်ရှိ၌ ဘန်လေအသင်းတွင် ကွန်ပနီ၏လက်ထောက်အဖြစ် ဆောင်ရွက်လျက်ရှိသည်။