ရေနံထုတ်လုပ်မှု လျှော့ချမည်ဟု အိုပက်အဖွဲ့ဝင်နိုင်ငံများ ကြေညာ
ဆော်ဒီအာရေဗျနဲ့ ရေနံရောင်းချသူနိုင်ငံများအသင်း (အိုပက်) အဖွဲ့ဝင် တခြားနိုင်ငံတွေဟာ သူတို့ရဲ့ ရေနံထုတ်လုပ်မှုကို ကိုယ်တိုင်ရဲ့ သဘောဆန္ဒအရ လျှော့ချမယ်လို့ ကြေညာလိုက်ကြပါတယ်။
ဆော်ဒီအစိုးရကတော့ မေလကနေ ၂၀၂၃ နှစ်ကုန်ပိုင်းထိ နေ့စဉ် ရေနံစိမ်းစည် ငါးသိန်း ထုတ်လုပ်မှု လျှော့ချမယ်လို့ အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။
ရုရှားဒုဝန်ကြီးချုပ်ကလည်း ရုရှားအစိုးရဟာ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ရေနံစိမ်းစည် တရက် ငါးသိန်း ဆက်လက်လျှော့ချပြီး ထုတ်လုပ်သွားမယ်လို့ ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ အီရတ်၊ အိုမန်နဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတွေကလည်း အလားတူ အချိန်အတွင်း ရေနံစိမ်းထုတ်လုပ်မှု လျှော့ချသွားမယ်လို့ ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ရေနံစိမ်းစည် တရက်ကို ၁၄၄,၀၀၀၊ ကူဝိတ်က ၁၂၈,၀၀၀၊ အီရတ်က ၂၁၁,၀၀၀ ၊ အိုမန်က ၄၀,၀၀၀ နဲ့ အယ်လ်ဂျီးရီးယားက ၄၈,၀၀၀ စီ လျှော့ချထုတ်လုပ်မယ်လို့ အသီးသီး ကြေညာခဲ့ပါတယ်။
ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာနကတော့ သူ့နိုင်ငံဟာ ရေနံစျေးကွက်တည်ငြိမ်ရေး ပံ့ပိုးဖို့ ရည်ရွယ်ချက်နဲ့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လျှော့ချ ဖြတ်တောက်တာလို့ ကြေညာချက်ထုတ်ပြန် ပြောပါတယ်။