ယူကရိန်းသည် အမေရိကန်လုပ် တာဝေးပစ်အမြောက်ကို အသုံးပြုနေကြောင်း ရုရှား ပြောကြား

အမေရိကန်က ယူကရိန်းကို ထောက်ပံ့ ပေးခဲ့သည့် တာဝေးပစ် ရော့ကတ်တစ်စင်းကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားက မတ်လ ၂၈ ရက်တွင် ကြေညာခဲ့ပြီး ယင်းလက်နက်များသည် ရုရှားတပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်မှုတွင် အဓိကကျသည့် လက်နက်များဖြစ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။

ယူကရိန်းသည် ဂျာမနီနှင့် ဗြိတိန်ထံမှ Leopard နှင့် Challenger တိုက်ပွဲဝင်တင့်ကားများကို လက်ခံရရှိခဲ့ကြောင်း ပြောကြား ခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ၏ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတွင် လေကြောင်းကာကွယ်ရေးတပ်ဖွဲသည်  ပဲ့ထိန်းရော့ ကတ်တစ်စင်းကို ပစ်ချခဲ့ကြောင်း ဖော်ပြခဲ့ပြီး Boeing နှင့် Saab Group တို့က ထုတ်လုပ်သည့် သေးငယ်သည့်အချင်းရှိပြီး မြေပြင်မျှပစ်လွှတ်ရသည့် ရော့ကတ်အမျိုးအစားကို ရည်ညွှန်းဖော်ပြခဲ့သည်။

ယင်းလက်နက်သည် ကီလိုမီတာ ၁၅၀ အထိ ပစ်ခတ်ရောက်ရှိနိုင်ပြီး ရှေ့တန်းစစ်မြေပြင်၏ နောက်ဘက်တွင်ရှိသော ရုရှားတပ်များ၏ တည်နေရာများနှင့် လက်နက်သိုလှောင်ရုံများကို ခြိမ်းခြောက်နိုင်စွမ်းရှိမည် ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒေါ်လာ ၂ ဒသမ ၂ ဘီလျံတန်ဖိုးရှိ လက်နက်ထောက်ပံ့ရေး၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ယူကရိန်းကို အမြောက်များ ထောက်ပံ့ပေးခဲ့သည်ဟု ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

ယင်းအမြောက်စနစ်သည် ပိုမိုကွာဝေးစွာ ပစ်ခတ်နိုင်ပြီး ၎င်းတို့ နိုင်ငံ၏ ကာကွယ်ရေးတွင် စစ်ဆင်ရေးများ ပြုလုပ်ရန်နှင့် ၎င်းတို့၏ အချုပ်အခြာပိုင် နယ်မြေများကို ပြန်လည်ရယူရန် အထောက်အကူပြုလိမ့်မည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုင်ဒါက ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း ယူကရိန်းအရှေကပိုင်း ဘက်ခ်မွတ်မြို့တွင် ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ ပြီး ယူကရိန်းကမူ ဒိုးနက်ဒေသရှိ ယင်းမြို့ကို ထိန်းချုပ်ထားဆဲဖြစ်ကာ ရုရှားတပ်ဖွဲ့များသည် စစ်ပန်းနေပြီဖြစ်သဖြင့် တွန်းလှန်တိုက်ခိုက်မှုသည် ပိုမိုလွယ်ကူခဲ့သည်ဟု ပြောကြားခဲ့သည်။

ယူကရိန်း၏ စစ်ဘက်ကိရိယာအလိုရှိ စာရင်းတွင်ပါဝင်သော တင့်ကားများကို ကိယက်ဗ်ထံပေးမည်ဟု ၂၀၂၃ ခုနှစ် အစောပိုင်းတွင် အနောက်နိုင်ငံများက ကတိပေးထားပြီး ယူကရိန်းတပ်ဖွဲ့များ၏ နွေဦးထိုးစစ်အမီ တင့်ကားများ ရောက်လာခြင်းဖြစ်သည်။

ဂျာမနီသည် ခေတ်အမီဆုံး Leopard တိုက်ပွဲဝင်တင့်ကားများကို ယူကရိန်းထံပံ့ပိုးလိုက်သည်ဟု ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က မတ်လ ၂၇ ရက်တွင် ပြောကြားသည်။ တင့်ကား ၁၈ စင်း ပေးပို့လိုက်သည်ဟု ဂျာမနီကာကွယ်ရေး ဝန်ကြီးဌာနက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါတင့်ကားများကို နယ်စပ်တွင် ယူကရိန်းထံ လွှဲပြောင်းပေးမည်ဟု ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

မာဒါခြေလျင်တိုက်ခိုက်ရေးယာဉ် ၄၀ ခန့်လည်း ယူကရိန်းကို ရောက်သွားပြီဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“ကျွန်တော်တို့ရဲ့တင့်ကားတွေဟာ ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ယူကရိန်းမိတ်ဆွေတွေရဲ့လက်ထဲကို အချိန်မီရောက်သွားပါပြီ”ဟု ယင်းထုတ်ပြန်ချက် တွင် ဂျာမနီကာကွယ်ရေးဝန်ကြီးဘော်ရစ် ပစ်စတိုးရီးယက်စ်က ဖော်ပြထားသည်။

Leopard တင့်ကားများသည် ဗြိတိန်မှ Challenger တင့်ကားများနှင့်အတူ ပါဝင်လာသည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအမျိုးသမီးက ပြောကြားသည်။