ဝန်ကြီးချုပ်နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် အစ္စရေးနိုင်ငံတစ်ဝန်း အကြီးစား ဆန္ဒပြပွဲများ ဖြစ်ပွား

                                                                             

မတ်လ ၂၆ ရက်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုသည် ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါးလန့်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် နိုင်ငံတစ်ဝန်း အကြီးစားဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဂါးလန့်သည် အစိုးရနှင့် သဘောထားချင်း ဆန့်ကျင်ကွဲလွဲနေပြီးနောက် အကြီးအကျယ် အငြင်းပွားနေသည့် တရားရေးစနစ်ကို ကြီးကြီးမားမားပြောင်းလဲပြင်ဆင်မည့် အစီအစဉ်ကို ရပ်တန့်ရန်တိုက် တွန်းခဲ့ပြီး တစ်ရက်အကြာတွင် ရာထူးမှထုတ် ပယ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းရာထူးမှ ထုတ်ပယ်ခံရသည့်သတင်း ပျံ့နှံ့သွားချိန်တွင် နိုင်ငံတစ်ဝန်းသောင်းနှင့်ချီသည့် ဆန္ဒပြသူများက ညဥ့်နက်အချိန် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကာ ဆန္ဒပြသူအများအပြားက အပြာနှင့်အဖြူရောင်ရှိသော အစ္စရေးအ လံများကို ဝှေ့ယမ်းကိုင်ဆောင်ခဲ့သည်။

ဆန္ဒပြလူအုပ်ကြီးသည် ဝန်ကြီးချုပ်နေတန်ယာဟု၏ နေအိမ်အပြင်ဘက်တွင် စုဝေးခဲ့ကာ လုံခြုံရေးအရ ပိတ်ဆို့ထားမှုကို ချိုးဖျက်ဝင်ရောက်မှုများလည်း ဖြစ်ပွားခဲ့သည်။

နေတန်ယာဟု၏ အမျိုးသားရေးနှင့်ဘာသာရေး ညွန့်ပေါင်းအစိုးရ အာဏာရလာခဲ့ပြီး သုံးလခန့်အကြာတွင် အထင်ကရ တရားရေးစနစ် ပြုပြင်ပြောင်းလဲမှု အစီအစဉ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများအကြီး အကျယ်ဖြစ်ပွားလာခဲ့ပြီး နိုင်ငံရေးအကျပ်အတည်းဆီသို့ သက်ဆင်းကျရောက်ခဲ့သည်။

“နိုင်ငံတော်လုံခြုံရေးဟာ နိုင်ငံရေးက စားပွဲရဲ့ ဝှက်ဖဲတစ်ချပ်မဖြစ်သင့်ပါဘူး။ နေတန်ယာဟုဟာ မကျော်သင့်တဲ့စည်းကိုကျော်လိုက်ပါပြီ” ဟု အတိုက်အခံ ခေါင်းဆောင်များဖြစ်သည့် ရယ်ယာလာပစ်နှင့် ဘန်နီဂန့်ဇ်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမျိုးသားလုံခြုံရေးကို ထိခိုက်စေမည့် အစီအစဉ်တွင် အကူအညီမပေးကြရန်လည်း ၎င်းတို့က နေတန်ယာဟု၏ Likud ပါတီဝင်များကို တိုက်တွန်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအား ရာထူးမှထုတ်ပယ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့ရာတွင် ၎င်း၏နေရာကို မည်သူနှင့်အစားထိုးခန့်အပ်မည် ဆိုသည်နှင့် အခြားအသေးစိတ် အကြောင်းအရာများကို ဖော်ပြ ခဲ့ခြင်းမရှိဘဲ ဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂါးလန့်ကို ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်ဟုသာ ဖော်ပြခဲ့သည်။

ထို့နောက်မကြာမီတွင် အသက် ၆၄ နှစ် အရွယ် ဂါးလန့်က အစ္စရေးနိုင်ငံ၏ လုံခြုံရေးသည် မိမိ၏ အရေးအကြီးဆုံး တာဝန်ဖြစ်ပြီး ယင်းသည် မိမိအတွက် အရေးအကြီးဆုံးရာ သက်ပန်တာဝန်ပင်ဖြစ်ကြောင်း တွစ်တာမှ ရေးသားခဲ့သည်။

ပြုပြင်ပြောင်းလဲမှု အစီအစဉ်များသည် နိုင်ငံလုံခြုံရေးအတွက် မြင်သာထင်သာရှိပြီး ချက်ချင်းလက်ငင်း သက်ရောက်မှုရှိလာနိုင်သည်ဟု ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဂါးလန့်က သတိပေးခဲ့ပြီး ယင်းအစီအစဉ်များကို ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီးနောက် နေတန်ယာဟုက ၎င်းကိုဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ဒီအချိန်မှာ တိုင်းပြည်အကျိုးအတွက် ဘယ်လိုစွန့်စားမှုမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုပေးဆပ်မှုမျိုးပဲဖြစ်ဖြစ် လုပ်ဖို့အသင့်ပါပဲ”ဟု ဂါးလန့်က ၎င်း၏ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နေတန်ယာဟုကလည်း ၎င်းအနေဖြင့် ဥပဒေပြင်ဆင်ပြောင်းလဲရေး အစီအစဉ်၏ အဓိကအစိတ်အပိုင်းကို အတည်ပြုရန် အသင့်ရှိနေပြီဖြစ်ကြောင်း မတ်လ ၂၆ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။

ပြင်ဆင်ပြောင်းလဲမည့် ဥပဒေကြမ်းအရ တရားရေးဆိုင်ရာ ရာထူးတာဝန်များ ခန့်အပ်ခြင်းကို နိုင်ငံရေးအရ ထိန်းချုပ်မှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမည်ဖြစ်ကာ အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် ဗဟိုတရားရုံးချုပ် တရားသူကြီးများ ခန့်အပ်ရာတွင် ပိုမိုကျယ်ပြန့်သော အခွင့်အာဏာကို အပ်နှင်းခံရမည်ဖြစ်သည်။