TikTok အမှုဆောင်အရာရှိချုပ်ကို ကန်လွှတ်တော် ကြားနာစစ်ဆေး

ဗွီဒီယို အတိုလေးတွေ ရိုက်ကူးဝေမျှရတဲ့ တစ်တော့(TikTok) လူမှုဆက်သွယ်ရေး အက်ပလီကေးရှင်းရဲ့ အမှုဆောင် အရာရှိချုပ်ဟာ အမေရိကန်လွှတ်တော်ကော်မတီ ရှေ့မှောက်မှာ ကြာသာပတေးနေ့က အစစ်ဆေးခံခဲ့ရပါတယ်။ အမေရိကန်မှာ အသုံးပြုသူ သန်း ၁၅၀ ရှိတဲ့ တရုတ်ကုမ္ပဏီပိုင် ဗီဒီယိုမျှဝေတဲ့ အက်ပ် တခုဖြစ်တဲ့ TikTok ကို တားမြစ် ပိတ်ပင်ဖို့ သင့်၊ မသင့် ဆုံးဖြတ်နိုင်ဖို့ အမှုဆောင်အရာရှိချုပ် ရှိုဇီချူး Shou Zi Chew ကို ဆင့်ခေါ်ခဲ့တာပါ။
အသက် ၄၀ အရွယ် စင်ကာပူဇာတိဖြစ်တဲ့ ချူး (Chew)ဟာ TikTok ရင်ဆိုင်နေရတဲ့ စွပ်စွဲမှုတွေကို တန်ပြန်ဖို့ ရှားရှားပါးပါး လူအများရှေ့မှောက် လာရောက် ဖြေရှင်းတာလည်း ဖြစ်ပါတယ်။ TikTok က သုံးစွဲသူရဲ့ လူခြုံရေးကို အထူးအလေးထားလို့ အမေရိကန်မှာ ပိတ်ပင်ဖို့ မသင့်ဘူးလို့ ချေပ ထွက်ဆိုခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ခုလုံးရဲ့ လွှတ်တော်အမတ်တွေက TikTok ရဲ့ သူ့ ပလက်ဖောင်းပေါ်က ဗီဒီယိုတွေကို စောင့်ကြည့်စစ်ဆေးမှု အခြေအနေ၊ အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာ အချက်အလက်တွေကို တရုတ်အစိုးရလက်ထဲ မရောက်စေဖို့ အာမခံချက်၊ တခါ သတင်းသမားတွေကို စောင့်ကြည့် ထောက်လှမ်း နေတာတွေနဲ့ပတ်သက်ပြီး ချူး(Chew) ကို ဖိအားပေး မေးမြန်းခဲ့ပါတယ်။
ချူး Chew ဘက်ကလည်း အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာတွေကို အမေရိကန်မြေပေါ်မှာ အမေရိကန်ပိုင် နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ အော်ရီကယ်လ် (Oracle)ဆီမှာ ပြောင်းလဲ သိမ်းဆည်းနေတယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကလည်း တရုတ်အစိုးရ အပါအဝင် ဘယ်အစိုးရအတွက်မှ သူလျှို လုပ်ပေးနေတာ မဟုတ်ဘူးလို့ ချူး (Chew)က ပြောပါတယ်။
TikTok မှာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် ဒေတာလုံခြုံရေးနဲ့ ဘေးကင်းရေးအတွက် အမေရိကန် အာဏာပိုင်တွေက စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးနဲ့ နည်းပညာ ဆိုင်ရာ ပထဝီဝင်နိုင်ငံရေး တိုက်ပွဲအတွင်းမှာ TikTok နဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ ကြားညပ် နေတာလည်း ဖြစ်ပါတယ်။ လူအမြောက်အများ သေဆုံးခဲ့ရတဲ့ ၁၉၈၉ တီယန်နန်မင်ရင်ပြင် ကျောင်းသားဆန္ဒပြပွဲ ဆက်စပ် ဗီဒီယိုတွေကို တစ်တော့ (TikTok)က ဆင်ဆာဖြတ်တောက်တွေ လုပ်ခဲ့တယ်လို့ ၂၀၁၉ ခုနှစ်တုန်းက ဂါဒီးယန်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်နောက်ပိုင်း TikTok အနေနဲ့ သူ့ရဲ့ စောင့်ကြည့် စစ်ဆေးရေးဆိုင်ရာမူဝါဒတွေကို ပြောင်းလဲလိုက်ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အစီရင်ခံစာတခု ပေါက်ကြားခဲ့လို့ သတင်းထောက်နှစ်ဦးနဲ့ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ လူတချို့ရဲ့ ဒေတာ အချက်အလက်တွေကို ကြည့်ရှုခဲ့တဲ့ ဝန်ထမ်း ၄ ဦးကိုလည်း အလုပ်ထုတ်ခဲ့ကြောင်း ByteDance က ဒီဇင်ဘာလတုန်းက ဝန်ခံထားပါတယ်။
ByteDance ရဲ့ ၆၀ ရာခိုင်နှုန်းကို ကာလိုင်း စီးပွားလုပ်ငန်းစုလို ကမ္ဘာတဝန်းက ရင်းနှီးမြုပ်နှံသူတွေက ပိုင်ဆိုင်တယ်လို့လည်း TikTok ဘက်က ဆိုပါတယ်။ ByteDance ကုမ္ပဏီကို တရုတ် စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက ၂၀၁၂ မှာ တည်ထောက်ခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ByteDance က TikTok အက်ပ်ကို ရောင်းချဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ကြေညာထားပါတယ်။ ချူး (Chew)ကတော့ သုံးစွဲသူတွေ လုံခြုံရေးအတွက် ကုမ္ပဏီအနေနဲ့ လုပ်ဆောင်နေပြီး ယုံကြည်စိတ်ချရမှုက သူတို့ လုပ်တဲ့ အလုပ်ပေါ်မှာ သာ မူတည်ကြောင်း၊ ပိုင်ရှင်ဘယ်သူလဲဆိုတာနဲ့ မဆိုင်ဘူးလို့ လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါတယ်။