ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

ပုသိမ်၊ မတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း လိုက်ပါလျှက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ တိုင်းပါတီ ရုံးအစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံခဲ့ပါသည်။

တွေဆုံဆွေးနွေးပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ယခုမိမိလာရခြင်းမှာ

လမ်းညွှန်ရန်၊ မှာကြားရန်၊ ပြောဆိုရန် အဓိကလာရခြင်းမဟုတ်ပဲ နားထောင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အခြေအနေ အမှန်များကို သိချင်၍ အကြောင်းအကျိုး အကောင်းအဆိုး မှန်သမျှကိုလက်ခံနားထောင်မည်ဖြစ်၍

မှန်မှန်ကန်ကန် အခြေအနေမှန်များကို တင်ပြပေးကြရန်လိုအပ်ကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

၎င်းနောက် တိုင်းဒေကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းမှ

ဧရာဝတီတိုင်းဒေသကြီး အတွင်း ပြည်ခိုင်ဖြိုးပါတီဖွဲ့စည်းပုံအဆင့်ဆင့်၊ နယ်မြေအခြေအနေများနှင့် ဒေသန္တရအခြေအနေအရပ်ရပ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် (၈)ခရိုင် နှင့် (၂၆)မြို့နယ်မှ ပါတီဥက္ကဋ္ဌများမှ မြို့နယ်အလိုက် တင်ပြဆွေးနွေးခဲ့ပါသည်။

ခရိုင်/မြို့နယ်များ၏တင်ပြချက်များနှင့်စပ်လျဥ်းပြီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့မှ ထပ်မံဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

တိုင်း/ခရိုင်/မြို့နယ်များ၏ တင်ပြချက်များအပေါ် ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌမှ အသေးစိတ်ပြန်လည်ရှင်းလင်း ညှိနှိုင်းပေးခဲ့ပြီး ညနေ (၄:၃၀)နာရီ၌ တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါသည်။

၎င်းနောက် ညနေ (၅)နာရီအချိန်၌ ပုသိမ်မြို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရင်နှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။