စီးရီးအေတွင် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် အီဘရာဟီမိုဗစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးကစားခွင့်ရရှိ

အေစီမီလန်အသင်းမှ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အူဒီးနီးစ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူပြီးနောက်  စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းအနေဖြင့် အေစီမီလန်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခြင်းလည်းဖြစ်သည်။

အီဘရာဟီဗိုဗစ်သည် ပထမပိုင်းနာကျင်အချိန်ပို (၄)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူပြီးနောက် အေစီမီလန်နောက်ခံလူဟောင်း ကော်စတာကာတာ(၄၁ နှစ် ၂၅ ရက်)၏စံချိန်ကို (၄၁)နှစ်၊ (၁၆၆)ရက်ဖြင့် ချိုးဖျက်ကာ စီးရီးအေအသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

“ကျွန်တော် ပုံစံကောင်းရနေရင်တော့ ကစားသမားဘ၀ ရှေ့ဆက်ချင်ပါတယ်။ သူ(ကော်စတာကာတာ)ကတော့ ဒီမှတ်တမ်းကို ဆက်ထိန်းချင်မှာပါ။ ဒီစံချိန်ကို ကျွန်တော် မလိုချင်ပါဘူး” ဟု အီဘရာဟီမိုဗစ်က Sky Italia နှင့်တွေ့ဆုံမှုတွင် အရွှန်းဖောက်ခဲ့သည်။

ထို့ပြင် အနားယူပြီးနောက် အေစီမီလန်အသင်းတွင် ဆက်ရှိမည်လားဟု မေးမြန်းမှုကို ၎င်းက “ဒီအသင်းသမိုင်းမှာ ပါဝင်ခွင့်ရလို့ ကျွန်တော် ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းဟာ ခမ်းနားတဲ့သမိုင်းကြောင်းနဲ့အတူ ကြီးကျယ်မြင့်မြတ်တဲ့ကလပ်ပါ။ ဒီမှာ ကျွန်တော့်ရဲ့အမည် ရှိနေတာဟာ အဓိပ္ပာယ်များစွာ ရှိပါတယ်။ အသင်းခေါင်းဆောင်ဖြစ်ခွင့်ရလို့လည်း ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ပွဲကတော့ ကျွန်တော်တို့ လိုချင်တဲ့ပုံစံအတိုင်း မဖြစ်ခဲ့ပါဘူး။ ကွင်းထဲမှာ ကျွန်တော် အရမ်းကောင်းတယ်လို့ ခံစားရပါတယ်။ (၁၄)လကြာ ပွဲထွက်မကစားခဲ့ရဘူး။ အရေးပါတဲ့ အရာက ပုံစံကောင်းရနေဖို့ပါပဲ။ ဒီနေ့ကစားသလိုမျိုး ဖြစ်နေသရွေ့ ကစားနေနိုင်တုန်းပဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း သံသယမရှိပါဘူး”ဟု အီဘရာဟီမိုဗစ်က ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်သည် (၁၄)လအတွင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့ပြီး စီးရီးအေတွင် အနိုင်(၃)မှတ် စတင်ပေးသည့် ၁၉၉၄-၉၅ ရာသီကတည်းက ဗီယာဟိုဝုဒ်၊ ကော်စတာကာတာတို့ပြီးနောက် ပွဲထွက်ကစားခွင့်ရသည့် တတိယမြောက် အသက်အကြီးဆုံး Outfield Player ဖြစ်ခဲ့သည်။