လူတိုင်းအခမဲ့စီးနိုင်ရန် EV တက္ကစီ တစ်လတိတိ အခမဲ့ပြေးဆွဲပေးမည်
လူတိုင်းအခမဲ့စီးနိုင်သည့်အပြင် မောင်းနှင်ခွင့်ပါ ပေးထားသည့် EV တက္ကစီကို တစ်လတိတိ အခမဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း EV Myanmar ကုမ္ပဏီ၏ အုပ်စုခွဲဖြစ်သည့် Myan Tickets မှအသိပေးထုတ်ပြန်ထားသည်။
အခမဲ့စီးနင်းနိုင်ခွင့်ကာလအား ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှ ဧပြီလ(၁၃) ရက်နေ့ အထိသတ်မှတ်ထားပြီး အခမဲ့စီးနင်းခြင်း ခွင့်ပြုချက်ရယူနိုင်ရန်အတွက် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းချက်များအား လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ အစီအစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာ့လျှပ်စစ်ကား အသွင်ကူးပြောင်းရေး စမ်းသပ်ကာလအတွင်း အများပြည်သူတို့၏ သတိထားမိမှုနှင့်အသိအမှတ်ပြုစေမှုကိုအမြန်ရရှိစေရန်၊ လျှပ်စစ်ကားစီးခြင်းဖြင့် ရေရှည် ကုန်ကျစရိတ် သက်သာကြောင်းကို အများပြည်သူများအား အသိပညာပေးနိုင်စေရန်နှင့် အခမဲ့တက္ကစီ စီးရင်းလက်တွေ့ အတွေ့အကြုံမြန်ဆန်စွာ ရရှိစေရန်၊ EV ကား အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမှုများကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း အများပြည်သူတို့အား အသိပညာထိရောက်စွာ ပေးနိုင်စေရန်၊ မြန်မာ့ EV အသွင်ကူးပြောင်းရေးတွင် အများပြည်သူတို့၏ စိတ်ဝင်တစားပါဝင်လာစေမှုကို တစ်ဖက် တစ်လမ်းမှ တိုးမြင့်လာစေပြီး ပုဂ္ဂလိကကိုယ်ထူကိုယ်ထ အားသွင်းရုံများ အမြန်ပေါ်ပေါက်လာစေရန်၊ မြန်မာ့ EV အသွင်ကူးပြောင်းရေးအား နိုင်ငံတော်အာဏာပိုင်အဖွဲအစည်းနှင့် ပြည်သူတို့အကြား ကာလတိုအတွင်းအတူတကွ အောင်မြင်စွာလက်တွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အခမဲ့ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။