ဒဏ်ရာကြောင့် ဂါနာချို ကာလအတန်ကြာ နားရတော့မည်
မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါနာချိုဟာ ဒဏ်ရာပြဿနာကြောင့် ကာလအတန်ကြာ အနားယူ ရတော့မှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂါနာချိုဟာ ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲရဲ့ ပွဲချိန် ၇၃ မိနစ်မှာ လူစားဝင်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမား ဝေါ်လ်ကာပီတာစ်ရဲ့ ဟန့်တားမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် ခြေချင်းဝတ်ဒဏ်ရာရခဲ့သလို ကွင်းလယ်လူ ဖရက်ဒ်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် နားရတော့မှာဖြစ်သလို အသင်းရဲ့ အရေးပါတဲ့ပွဲတွေမှာ အသင်းဖော် တွေကို ကူညီခွင့်မရတော့တဲ့အပေါ် စိတ်ပျက်ရတယ်လို့ ဂါနာချိုက ဖွင့်ဟခဲ့ပါတယ်။ အာဂျင်တီးနား ယူ-၂၀ လက်ရွေးစင် ဂါနာချိုဟာ စပိန်မှာ မွေးဖွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ မန်ယူလူငယ်အသင်းဆီ ရောက်ရှိလာခဲ့တာပါ။ မန်ယူအသင်းကြီးအတွက် ပြီးခဲ့တဲ့ရာသီမှာ စတင်ကစားခွင့်ရခဲ့တဲ့ ဂါနာချိုအနေနဲ့ ၂ နှစ်အတွင်း ၃၁ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူပေးထားပါတယ်။