စစ်ရေးတိုက်ခိုက်မှု အန္တရာယ်ကို ဟန့်တားဖို့ မြောက်ကိုရီးယားဆုံးဖြတ်

စစ်ရေးတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ့် အရေးကြီးတဲ့ လက်တွေ့အစီအမံတွေကို ဆောင်ရွက်ဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းကနေ တနင်္ဂနွေမှာ ကြေညာလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၅ နှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုမစခင် တရက်အလိုမှာပဲ၊ အခုလို ပြောလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ဦးဆောင်တဲ့ အာဏာရပါတီရဲ့ စစ်ကော်မရှင်အစည်းအဝေးတွင်းမှာ ချမှတ်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ပြောပါတယ်။

ဒီအစည်းအဝေးအတွင်းမှာ ကာကွယ်ရေးလက်နက်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် အင်အားရှိရှိ အသုံးပြုနိုင်ဖို့အတွက် အရေးပါတဲ့ လက်တွေ့ခြေလှမ်းတွေကို  ဆွေးနွေးပြီး၊ ချမှတ်လုပ်ဆောင်လိုက်တယ်လို့ KCNA သတင်းက ပြောပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်စမှုတွေဟာ စိုးရိမ်စရာအနေအထားတခုအထိကို ရောက်နေပြီဖြစ်တဲ့အတွက် အဲဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

Freedom Shield လို့ နာမည်ပေးထားတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုတော့ မနက်ဖြန်တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး၊ မြောက်ကိုရီးယားဘက်က ရန်လိုမှုတွေကို ထပ်တိုးလာတာကြောင့် လုံခြုံရေးဆိုင်ရာ အနေအထားကို ပြောင်းဖို့ အဓိကထားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားကတော့ ဒီလိုစစ်ရေး လေ့ကျင့်မှုတွေဟာ ကျုးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်မှုအဖြစ် အပြင်းအထန် တုံ့ပြန်လေ့ ရှိပါတယ်။

-Ref:VOA