အင်ဒိုနီးရှား ဘောလုံးကွင်း လူပိသေဆုံးခဲ့မှု ဘောလုံးအဖွဲ့ တာဝန်ရှိသူ နှစ်ဦး ထောင်ဒဏ် ချမှတ်ခံရ

အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုဖြစ်တဲ့ အားကစားရုံတွင်း လူအချင်းချင်း တိုးဝှေ့ပိ သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဘောလုံး တာဝန်ရှိပုဂ္ဂိုလ် နှစ်ဦးကို တာဝန်လစ်ဟင်းမှုနဲ့ တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မာလန်းမြို့ အားကစားရုံတစ်ခုမှာ ဘောလုံးကွင်းထဲ ဝင်လာတဲ့ ဘောလုံးပွဲကြည့်ပရိသတ်တွေကို ရဲက မျက်ရည်ဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ရာကနေ လူအချင်းချင်း တိုးဝှေ့ပိမိပြီး လူ ၁၃၅ ဦး သေဆုံးခဲ့ပါတယ်။

Arema FC မြို့ခံ ဘောလုံးအသင်းကော်မတီ ဥက္ကဋ္ဌ အဗ္ဗဒူလ် ဟာရစ်စ်ကို ထောင်ဒဏ် တစ်နှစ်ခွဲ၊ အသင်း လုံခြုံရေးအရာရှိ ဆူကို ဆပ်ထရစ်စ်နို ကို ထောင်ဒဏ် တစ်နှစ် တရားသူကြီးက ချမှတ်ခဲ့ပါတယ်။

အမှုလိုက်ရှေ့နေတွေကတော့ သူတို့ကို ထောင်ဒဏ် ၆ နှစ်ကျော် ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဘောလုံးပွဲမှာ မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲတာဟာ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လမ်းညွှန်ချက် စည်းကမ်းကို ချိုးဖောက်ရာ ကျပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်ကလည်း ဆီမာရန်းမြို့က ဘောလုံးပွဲကြည့်ပရိသတ်တွေကို ရဲက မျက်ရည်ဗုံး ထပ်သုံးပြီး လူစုခွဲခဲ့ပါတယ်။