မိုက်ကယ်ဂျက်ဆင်အတ္ထုပ္ပတ္တိ ရုပ်ရှင် “Michael”ကို ဒေါ်လာ သန်း ၁၂၀ အကုန်ကျခံရိုက်ကူးမည်

ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးမယ့် “Michael” ရုပ်ရှင်ကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ အကုန်အကျခံရိုက်ကူးဖို့ ရှိနေတယ်လို့ လော့စ်အိန်ဂျယ်လိစ် တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ Lionsgate ကုမ္ပဏီကထုတ်လုပ်မယ့်  “Michael” ရုပ်ရှင်ကို ဒါရိုက်တာ အန်တိုနီဖူကွာက တာဝန်ယူ ရိုက်ကူးမှာဖြစ်ပြီး   မိုက်ကယ်ဂျက်ဆင်ရဲ့တူဖြစ်သူ  ဂျက်ဖာဂျက်ဆင်က  အဓိက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့တီဗွီ အခွန်ခရက်ဒစ်အစီအစဉ်ရဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကာလီဖိုးနီးယား ရုပ်ရှင်ကော်မရှင်က ဒီရုပ်ရှင်အတွက်   အခွန်ခရက်ဒစ် အမေရိကန်ဒေါ်လာ  ၂၁ သန်းကျော်ခွဲဝေ ထောက်ပံ့ပေးမယ်လို့ မတ်လ ၇ ရက်မှာ ကြေညာပါတယ်။ ကော်မရှင်အနေနဲ့ ရုပ်ရှင်ပရောဂျက် ၂၄ ခုအတွက် ဒေါ်လာစုစုပေါင်း ၈၁ ဒသမ ၇ သန်း  အခွန်ခရက်ဒစ်ခွဲဝေပေးရာမှာ “Michael” ရုပ်ရှင်က ၂၁ သန်းကျော်ရရှိတာဖြစ်ပြီး  အများဆုံးခွဲဝေရရှိတာ ဖြစ်ပါတယ်။ အခုလိုခွဲဝေပေးတာဟာ ပြည်နယ်က ထောက်ပံ ပေးတဲ့ အခွန်ခရက်ဒစ်အစီအစဉ်ရဲ့ ၁၄ နှစ်တာသမိုင်းမှာ အများဆုံးခွဲဝေပေးမှုဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ ကျော်ရရှိတဲ့ ပရောဂျက်တွေကိုသာ အရည်အချင်းပြည့်မီတယ်ဆိုပြီး အခွန်ငွေ ၂၀ ရာခိုင်နှုန်းကို ပြန်လည်ချီးမြှင့်တာ ဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။

ဒီရုပ်ရှင်ကို အခုလို  အခွန်ငွေထောက်ပံ့တာနဲ့ပတ်သက်ပြီး ကလေးငယ်တွေကို အဓ္ဓမပြုကျင့်တဲ့ အမျိုးသားကို ဂုဏ်တင်နေတာပဲလို့ Leaving Neverland ဇာတ်ကားရိုက်ခဲ့တဲ့ ဒါရိုက်တာ ဒန်ရိဒ်ကတော့ ဝေဖန်ထားပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ သူမကွယ်လွန်ခင်က  အသက်မပြည့်သေးတဲ့ ကောင်လေးနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲပြစ်တင်ခံခဲ့ရသူဖြစ်ပြီး စွဲချက်တွေနဲ့ ပတ်သက်လို့တော့ ငြင်းဆန်ခဲ့ပါတယ်။

ကာလီဖိုးနီးယားပြည်နယ်ရုပ်ရှင်ကော်မရှင်ဟာ  ” The Thomas Crown Affair”ရုပ်ရှင်ကိုလည်း  ကန်ဒေါ်လာ ၁၃ ဒသမ ၈ သန်း၊ အမည်မဖော်ပြထားတဲ့ ဒစ်စနေး ရုပ်ရှင်ကားတစ်ခုကို ကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်း အခွန်ခရက်ဒစ် ချီးမြှင့်မယ်လို့လည်း ကြေညာထားပါတယ်။