မတ် ၈ ရက်အထိ UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၉ ပါတီရှိ

ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားသည့် ပါတီ ၁၉ ပါတီရှိကြောင်း  ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) က ထုတ်ပြန်သည်။

မတ် ၈ ရက်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ခြောက်ပါတီရှိပြီး နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၁၃ ပါတီရှိသည့်အတွက် နိုင်ငံရေးပါတီ စုစုပေါင်း ၁၉ ပါတီရှိပြီ ဖြစ်ကြောင်း UEC က ထုတ်ပြန်သည်။

မတ် ၈ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေး ပါတီတည်ထောင်လိုသော လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)နှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့သည် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့သည့် အတွက် လာရောက်လျှောက်ထားသည့်ပါတီ ၁၉ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၉ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၁၄ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော နိုင်ငံရေး ပါတီ ခြောက်ပါတီမှာ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဝံသာနုပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီနှင့်  ဒီမိုကရက်တစ် ပါတီတို့ ဖြစ်ကြောင်း UEC က ထုတ်ပြန်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသော နိုင်ငံရေးပါတီ ၁၃ ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ပြည်သူ့အင်အားပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)နှင့် တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ဖြစ်ကြောင်း UEC က ဆိုသည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။