ရီးယဲလ်မက်ဒရစ်မှ စိတ်ဝင်စားနေသည့် ဘာပေအတွက် PSG အသင်း စျေးသတ်မှတ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရောင်းချဖွယ်ရှိနေ

PSG အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကာလရှည်သတင်းထွက်ပေါ်နေသည့် အသင်း၏ပြင်သစ် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအား လာမည့်နွေရာသီတွင် ရောင်းချဖွယ်ရှိနေပြီး ၎င်းတို့အသင်း၏ အရေးအပါဆုံး တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးယူရိုသန်း (၂၀၀)အထိအလိုရှိနေကြောင်း သိရသည်။

အသက် (၂၄)နှစ်အရွယ်ရှိ ဘာပေသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သလို၊ ရီးယဲလ်မက်ဒရစ် အသင်း၏ ကာလရှည်ပစ်မှတ်ကစားသမားတစ်ဦးလည်းဖြစ်နေသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီအပြောင်း အရွှေ့ကာလအတွင်း အသက်အရွယ်ရလာသည့် ၀ါရင့်တိုက်စစ်မှူး ဘန်ဇီမာ၏နေရာတွင် အစားထိုးရန်အတွက် တိုက်စစ်မှူးသစ်များကို စောင့်ကြည့်နေပြီး ဘာပေအား ၎င်းတို့၏ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။

၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မိုနာကိုအသင်းမှ PSG အသင်းသို့ ယူရိုသန်း (၁၈၀)ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဘာပေသည် PSG အသင်းအတွက်  (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၄၇)ပွဲကစားပြီး (၂၀၁)ဂိုးအထိ သွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။

ဘာပေအနေဖြင့် PSG အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့်  အသင်းပြောင်းရွှေ့ရန် မစဉ်းစားထားသေးကြောင်း ဖွင့်ဟထားသော်လည်း ရီးယဲလ်အသင်းကမ်းလှမ်းလာပါက ငြင်းဆန်ဖွယ်မရှိကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေအပြင် ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကိုလည်း ယူရိုသန်း (၁၅၀)အထိ အသုံးပြုကာ ခေါ်ယူဖွယ်ရှိနေကြောင်း သိရသည်။