ဂျာမနီက အီရန်သံရုံးဝန်ထမ်း ၂ ဦးကို နှင်ထုတ်
ဂျာမန်-အီရန် အမျိုးသားတဦးကို သေဒဏ်ချမှတ်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အီရန်သံရုံး ဝန်ထမ်းနှစ်ဦးကို တိုင်းပြည်ကနေ ထွက်ခွာသွားဖို့ အမိန့်ထုတ်လိုက်ကြောင်း ဂျာမနီနိုင်ငံခြားရေးရုံးက ဖေဖော်ဝါရီ ၂၂ ရက်မှာ ကြေညာပါတယ်။
ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က ဂျမ်ရှစ်ရှားမာ့ကို ပေးထားတဲ့ သေဒဏ်ကို လက်မခံနိုင်ကြောင်း ရှုတ်ချလိုက်ပြီး စီရင်ချက်ကို ပြန်ပြောင်းပေးဖို့ အီရန်ကို တောင်းဆိုလိုက်ပါတယ်။
အီရန်အစိုးရဟာ သူ့နိုင်ငံသားတွေကို ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ တိုက်ခိုက်နေပြီး လူ့အခွင့်အရေးကို လျစ်လျူရှုနေတယ်လို့ အဓိပတိ ရှို့လ်ဇ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဂျာမနီကလည်း အီရန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအလံတွေကို ဝှေ့ယမ်းပြနေတဲ့ ဆန္ဒပြသူ အယောက် ၂၀ လောက်ကလည်း ဘာလင်ရှိ အဓိပတိရုံးရဲ့ အပြင်ဘက်မှာ ဆန္ဒပြနေပါတယ်။
“အစ္စလမ္မစ်သမ္မတနိုင်ငံက သံတမန်နှစ်ဦးကို ဂျာမနီက နှင်ထုတ်လိုက်တာဟာ အလွန်ကောင်းမွန်တဲ့ ပထမခြေလှမ်းဖြစ်ပြီး နောက်ထပ် အများကြီးလုပ်ဖို့ လိုအပ်ပါတယ်” လို့ ဆန္ဒပြသူ ဒါနီယဲလာ ဆယ်ဖဲရီက ပြောပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂီဒို့စ် ဗက်စ်တာဗဲလဲဟာ တီဟီရန်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး အကျဉ်းကျခံနေရတဲ့ သတင်းထောက်နှစ်ဦးကို သူနဲ့အတူ ဂျာမနီကို ပြန်ခေါ်လာခဲ့ကြောင်းလည်း ထည့်ပြောသွားပါတယ်။
၂၀၁၀ ခုနှစ် အောက်တိုဘာလက ဂျာမန်အပတ်စဉ် ဘစ်လ်ဒမ်ဇွန်းတာ့ဂ် သတင်းစာက သတင်းထောက် နှစ်ယောက်ဟာ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီးတဦးရဲ့ သားဖြစ်သူကို အင်တာဗျူးနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ dvb