တောင်ကိုရီးယားက ၂၀၂၈ ခုနှစ်မှာ 6G ဝန်ဆောင်မှုပေးမယ်လို့ ကြေညာ
လက်ရှိမှာ 5G ရတဲ့ နိုင်ငံများများစားစား မရှိသေးပေမယ့် 6G နည်းပညာကို ဖန်တီးနေကြပါပြီ။ 5G ကို အစောဆုံးရခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါတဲ့ တောင်ကိုရီးယားက 6G ကွန်ရက် ရမယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယားက ၂၀၂၈ ခုနှစ်မှာ 6G ဝန်ဆောင်မှုပေးမယ်လို့ ကြေညာလိုက်ပြီး အရင်က မျှော်လင့်ထားတာထက် ၂ နှစ်စောကာ 6G ဝန်ဆောင်မှုပေးတော့မှာပါ။ သိပ္ပံနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးက ကမ္ဘာ့အဆင့် 6G နည်းပညာ၊ ဆော့ဖ်ဝဲ အခြေပြု နောက်မျိုးဆက် မိုဘိုင်း ကွန်ရက်တွေကို ဖန်တီးမယ့် K-Network 2030 စီမံကိန်းကို ကြေညာလိုက်ပါတယ်။
ဝန်ကြီးဌာနက 6G နည်းပညာကို သုတေသန ပြုလုပ်ဖို့အတွက် ဝမ် ၆၂၅.၃ ဘီလီယမ် ( ဒေါ်လာ ၄၈၁.၇ သန်း) ရင်းနှီးမြှပ်နှံမယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားဟာ 6G နည်းပညာမှာ ဦးဆောင်ဖို့ ကြိုးစားနေပါတယ်။ ဂျာမနီ သုတေသန အဖွဲ့အစည်း IPlytics က တောင်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်မှာ 5G Patent ၂၅.၉ ရာခိုင်နှုန်း မှတ်ပုံတင်ခဲ့ပြီး ဈေးကွက်ကို ဦးဆောင်နေတဲ့ တရုတ်ရဲ့ ၂၆.၈ ရာခိုင်နှုန်းနီးပါး ရှိခဲ့တယ်လို့ ပြောပါတယ်။
ဘယ်နိုင်ငံက 6G ဝန်ဆောင်မှု အရင်ဆုံး ရမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။
Ref : gizmochina