ညောင်လေးပင်ဘူတာရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သားသုံးဦး သေဆုံးကာ ကိုးဦးခန့်ထိခိုက်ဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက ညောင်လေးပင်ဘူတာရုံစင်္ကြန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး သေဆုံးကာ အရပ်သား ကိုးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ နေ့လယ် ၁၂ နာရီခွဲနှင့် ၁ နာရီကြားခန့် ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ ဘူတာရုံ၏ စင်္ကြန်နံပါတ် (၁)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးသူ သုံးဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ပြီး အခင်းဖြစ်နေရာတွင် နှစ်ဦးသေဆုံး၍ ကျန်တစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ညောင်လေးပင်မြို့ခံအချို့ထံမှ သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် ညောင်လေးပင် မြို့ခံနှစ်ဦးခန့်သာ ပါဝင်ပြီး သေဆုံးသူ သုံးဦးနှင့် ကျန်ထိခိုက်ဒဏ်ရာရရှိသူများမှာ ညောင်လေးပင်မြို့ခံများမဟုတ်ကြပဲ ဘူတာများတွင် ဈေးရောင်းဈေးဝယ်လုပ်ကိုင် စားသောက်ကြသူများနှင့် အခြားဒေသနေအရပ်သားအများစုဖြစ်ကြကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ညောင်လေးပင်မြို့ခံ ညောင်လေးပင်ဘော်လန်ဒီယာ(NLB)ပရဟိတအသင်းနှင့် ကြင်ကြင်နာနာ ပရဟိတအသင်းအဖွဲ့ နှစ်ဖွဲ့တို့မှ မော်တော်ယာဉ်များဖြင့် ညောင်လေးပင်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း၊ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူးတို့ ရောက်ရှိလာကာ ဆေးရုံရှိ သေဆုံးသူ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အားပေးစကားပြောကြား၍ ကူညီထောက်ပံ့လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့ကြကြောင်း၊ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ဘူတာရုံစင်္ကြန်၏အမိုးများ ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း နှင့် ဖြစ်စဉ်အခြေအနေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့တွင် ပြီးခဲ့သော ဖေဖော်ဝါရီ ၉ ရက်ကလည်း ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းရှိ သံကူကွန်ကရစ်အမျိုးအစား တောင်ဘို့သုံးလုံးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခံခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ source:eleven