ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်သုံးဦးစာရင်းများ ထွက်ပေါ်လာ

၂၀၂၂ ခုနှစ် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ခါတင်စာရင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ အမျိုးသားဆုအတွက် မက်ဆီ၊ အမ်ဘာပေနှင့် ဘန်ဇီမာတို့ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး အမျိုးသမီးဆုအတွက် ဆန်ခါတင်စာရင်း၌ ဘတ်ခ်ျမီဒ်၊ ပျူတဲလက်စ်နှင့် အဲလက်မော်ဂန်တို့ရွေးချယ်ခံခဲ့ရကြောင်း သတင်းများအရ သိရှိခဲ့ရသည်။

မက်ဆီသည် ပြီးခဲ့သော ၃၆ နှစ်ကြာ ဝေးကွာနေသော ကမ္ဘာ့ဖလားကို အာဂျင်တီးနားအတွက် ဦးဆောင်ဆွတ်ခူး ပေးနိုင်ခဲ့သူဖြစ်ကာ ပြီးခဲ့သော ထိုကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပြီး စုစုပေါင်း ခုနစ်ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့မှုများကြောင့် ယခုကဲ့သို့ ဖီဖာတစ်နှစ်တာအကောင်းဆုံးအမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေ၊ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာတို့နှင့်အတူရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

အမ်ဘာပေသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းကို ဒုတိယနေရာရရှိရန် ခြေစွမ်းပြ ကူညီပေးနိုင်ခဲ့သလို ပြိုင်ပွဲတစ်လျှောက် စုစုပေါင်း ရှစ်ဂိုးသွင်းယူကာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး ဘန်ဇီမာမှာ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသော်လည်း ပြီးခဲ့သည့်ရာသီတွင် ချန်ပီယံလိဂ်ဆုဖလားနှင့် လာလီဂါဆုဖားတို့ကို ရီးယဲလ်ဆွတ်ခူးနိုင်ရန် ခြေစွမ်းပြကူညီပေးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ၌ ဂိုး ၅၀ သွင်းယူနိုင်ခဲ့သလို ရွှေဘောလုံးဆုကိုပါ ရရှိထားသည်။

ထိုနည်းတူ ပြီးခဲ့သော ယူရိုပြိုင်ပွဲတွင် အင်္ဂလန်ကို ချန်ပီယံဆု ဆွတ်ခူးနိုင်စေရန် ခြေစွမ်းပြကူညီပေးနိုင်ခဲ့သည့်အပြင် ပြိုင်ပွဲ၏ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့မှုကြောင့် အာဆင်နယ်တိုက်စစ်မှူး မက်ခ်ျမီဒ်မှာလည်း အမျိုးသမီးအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် စပိန်ကစားသမား ပျူတဲလက်စ်၊ အမေရိကန်မှ အဲလက်စ်မော်ဂန်တို့နှင့်အတူရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။