ယခုရာသီ စီးရီးအေချန်ပီယံဆုအတွက် နာပိုလီ ရေပန်းအစားဆုံးဖြစ်နေသော်လည်း ဂျူဗင်တပ်စ်ကို လျှော့တွက်၍ မရကြောင်း တာဒယ်လီ သုံးသပ်

ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့တွင် ကစားခဲ့သည့် အီတလီဂန္ထဝင်ကစားသမား တာဒယ်လီက ယခုရာသီ စီးရီးအေချန်ပီယံဆုအတွက် နာပိုလီအသင်းမှာ ရေပန်းအစားဆုံးဖြစ်သော်လည်း ဂျူဗင်တပ်စ်အသင်းကို လျှော့တွက် ၍ မရကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ယခုရာသီ စီးရီးအေပွဲစဉ် (၁၇)အပြီးတွင် နာပိုလီအသင်းသည် (၁၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ် (၄၄)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနှင့် တတိယနေရာတို့တွင် (၃၇)မှတ်စီဖြင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အပေါ်အောက် ရပ်တည်နေကြသည့် ဂျူဗင်တပ်စ်နှင့် အေစီမီလန်တို့ကို (၇)မှတ်အထိ ဖြတ်ထားသည်။

သို့သော် တာဒယ်လီက စီးရီးအေနောက်ဆုံး (၈)ပွဲဆက် တစ်ဂိုးမှ မပေးရဘဲ Clean Sheet မှတ်တမ်းဖြင့် အနိုင်ရခဲ့သည့် ဂျူဗင်တပ်စ်ကြောင့် စီးရီးအေချန်ပီယံလုပွဲမှာ ပိုအသက်ဝင်လာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ”နာပိုလီက စီးရီးအေချန်ပီယံဆုအတွက် ရေပန်းအစားဆုံးပါပဲ။ ဒါပေမဲ့ အခုမှ ဇန်နဝါရီပဲ ရှိသေးလို့ ချန်ပီယံဖြစ်ပြီလို့ ပြောလို့မရပါဘူး။ ဂျူဗင်တပ်စ်က နောက်ဆုံး (၈)ပွဲဆက် ဂိုးမပေးရဘဲ နိုင်ပွဲဆက်ခဲ့တယ်။ နာပိုလီနဲ့ အေစီမီလန်က ဂျူဗင်တပ်စ်ထက် ပိုကောင်းတယ်ဆိုပေမဲ့ ချန်ပီယံလောင်းစာရင်းမှာ သူတို့ လျှော့တွက်လို့မရပါဘူး”ဟု ၎င်းက ဆိုခဲ့သည်။