၂၀၂၂ MNL ဂိုးသွင်းဘုရင် ရန်ကျော်ထွေးနှင့် ကစားသမားဟောင်း ဆယ်လာတို့ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူစာချုပ်
ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် တိုက်စစ်ပိုင်းအားဖြည့်လျက်ရှိပြီး ၂၀၂၂ MNL ဂိုးသွင်းဘုရင် ရန်ကျော်ထွေးနှင့် ကစားသမားဟောင်း ဆယ်လာ တို့ကို ခေါ်ယူစာချုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် လာမည့်ရာသီအတွက် ပြီးခဲ့သည့်ရာသီကတည်းက စတင်လေ့ကျင့်ခဲ့ပြီး ကစားသမားသစ် ခေါ်ယူရာတွင် တိုက်စစ်ပိုင်းကို စတင်အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ ရာသီအတွက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ပြီးခဲ့သည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် သွင်းဂိုးအများဆုံး ဆုရရှိခဲ့သည့် ဧရာဝတီအသင်းတိုက်စစ်မှူး ရန်ကျော်ထွေးကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရန်ကျော် ထွေးသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို နေပြည်တော်အသင်းတွင် စတင်ခဲ့ ပြီး ၂၀၁၂ ခုနှစ်တွင် နေပြည်တော်လူငယ် အသင်း၊ ၂၀၁၃ ခုနှစ်တွင် နေပြည်တော် စီနီယာအသင်း၊ ၂၀၁၆ ခုနှစ်တွင် မနောမြေ အသင်း၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် ဇွဲကပင် အသင်း၊ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တွင် Southern အသင်း၊ ၂၀၂၂ ခုနှစ်တွင် ဧရာဝတီအသင်းတို့၌ ကစားခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ပထမဆုံး နိုင်ငံခြားသား ကစားသမားခေါ်ယူမှုအဖြစ် ဂီနီတိုက်စစ်မှူး ဆယ်လာကို ပြန်လည်ခေါ်ယူခဲ့သည်။ ဆယ်လာသည် MNL အတွေ့အကြုံရှိသူဖြစ်ပြီး ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ရန်ကုန်အသင်း တွင် ကစားခဲ့သူဖြစ်ကာ အသင်းဟောင်း သို့ တစ်ကျော့ပြန်ရောက်ရှိလာခြင်းဖြစ်သည်။ ဆယ်လာသည် ရန်ကုန်ယူနိုက်တက်အသင်း MNL အမှတ်ပေး ချန်ပီယံဆု နောက်ဆုံးရရှိသည့် ၂၀၁၈ ရာသီတွင် အဓိကတိုက်စစ်မှူး အဖြစ် ပါဝင်ကစားခဲ့သူဖြစ်သည်။ ဆယ်လာ သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ MNL ကလပ် မကွေးအသင်းတွင် ကစားခဲ့သူဖြစ်ပြီး နောက်ဆုံးကလပ် အသင်းအဖြစ် အိန္ဒိယကလပ် အသင်းတွင် ကစားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီ တွင် ပြည်တွင်းလိဂ်ပြိုင်ပွဲများအပြင် AFC Cup ပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် နိုင်ငံခြားသားကစား သမားများ အပါအဝင် ပြည်တွင်းကစားသမားသစ်များ ခေါ်ယူအားဖြည့်နေခြင်းဖြစ်သည်။ ရန်ကုန် ယူနိုက်တက် အသင်းသည် ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်သည်။