မြန်မာတိုက်စစ်မှူး အောင်သူ ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် လေ့ကျင့်ရေး ကွင်း၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် တစ်လခွဲဝန်းကျင် အနားယူရမည်

မြန်မာတိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် လေ့ကျင့်ရေးကွင်း၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် တစ်လခွဲဝန်းကျင် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အောင်သူသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်း နှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် လမ်ဖွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ လမ်ဖွန်အသင်းနှင့် အောင်သူသည် ယခုရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုထားပြီး ကစားသမား၏ ခြေစွမ်းအပေါ်မူတည်ကာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရယူထားခြင်းဖြစ်ကြောင်း သိရသည်။

အောင်သူသည် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီးနောက် အသင်း၏ ခြေစမ်းပွဲနှစ်ပွဲတွင် ဝင်ရောက်ကစားပေးခဲ့သည်။ လမ်ဖွန်အသင်းသည်ဒီဇင်ဘာနောက်ဆုံးပတ်အတွင်းက ထိုင်းလိဂ်-၃ ကလပ် မေဂျိုယူနိုက်တက်နှင့် ခြေစမ်း ကစားခဲ့ရာတွင် တစ်ဂိုးစီသရေကျခဲ့ပြီး ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ တွင်မူ(၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အောင်သူသည် လမ်ဖွန်အသင်း၏ ယင်းခြေစမ်းပွဲ နှစ်ပွဲစလုံးတွင် ဝင်ရောက်ကစားပေးခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ညာဒူးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လမ်ဖွန်အသင်း ဆေးအဖွဲ့၏ အတည်ပြုချက်အရ အောင်သူသည် တစ်လခွဲဝန်းကျင် အနားယူရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အောင်သူသည် မကြာမီ ပြန်လည်စတင်မည့် ယခုရာသီ ထိုင်းလိဂ်-၁ အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ အစောပိုင်းပွဲစဉ်များကို လွဲချော်မည်ဖြစ်ပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းလောက်မှသာ ပြန်ကစားနိုင်ဖွယ် ရှိနေကြောင်း သိရသည်။ အောင်သူသည် လမ်ဖွန်အသင်းသို့ ရောက်ရှိလာပြီး ရက်ပိုင်းအကြာမှာပင် ဒူးဒဏ်ရာ ရရှိခဲ့ပြီး အနားယူရတော့မည်ဖြစ်သောကြောင့် ၎င်းအတွက် များစွာထိခိုက်နစ်နာမည်ဖြစ်သလို လမ်ဖွန်အသင်း အတွက်လည်း ဆုံးရှုံးနစ်နာမည်ဖြစ်သည်။ အောင်သူသည် ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းကလပ်များတွင် သွားရောက်ကစားခဲ့ပြီး လေးသင်းမြောက်အဖြစ် လမ်ဖွန်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အောင်သူသည် ၂၀၁၈ တွင် ထိုင်းလိဂ် -၁ ကလပ် Police Tero အသင်း၊ ၂၀၁၉ တွင် ထိုင်းလိဂ်-၁ ကလပ် မြောင်တောင်ယူနိုက်တက်၊ ၂၀၂၀ -၂၀၂၂ အထိ ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းတို့တွင် ကစားခဲ့သည်။